ဗန်းမောက်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေ၊ PDFရဲဘော်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီး နေရာနှစ်ခုမှ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA) စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များကယနေ့ နံနက်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဗန်းမောက်မြို့ တောင်ပိုင်းမှ မြစ်သေးချင်းကျေးရွာအနီး၌ ယနေ့( ဖေဖော်ဝါရီ၂၈ရက်) နံနက်၇နာရီမှစတင်၍ တ်ိုက်ပွဲစတင်ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)တို့ စစ်ကြောင်းထိုးလာသည်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက စတင်တိုင်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” နှစ်နေရာကနေစပြီး တိုက်ပွဲဖော်ဆောင်တာ။ မြစ်သေးချင်းကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ယောက် ခေါင်းပွင့်သေတယ်။ လမ်းပြဒလန်တစ်ယောက်လည်းသေတယ်။ ကျန်တဲ့ သူတွေ သူတို့ မြို့ပေါ်တပ်ရင်းဘက် ထွက်ပြေးသွားတယ်။ ရဲဘော်တစ်ယောက် တော့ ကျဆုံးတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တချိန်တည်းတွင် ဗန်းမော်မြို့အနောက်ပိုင်းရှိ ပင်ဟင်းခါးကျေးရွာအနီးမှ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး သေနတ်သုံးလက်ရရှိခဲ့သည်ဟု သတင်းရရှိသည်။

” ပင်ဟင်းခါးရွာကစခန်းက ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ ပြန်ယူသွားတဲစခန်း။ အဲ့စခန်းကိုပါ ဝင်တိုက်တာ။ စစ်တပ်ဘက်က သုံးယောက်သေတယ်။သေနတ်သုံးလက်ရတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယနေ့ နေ့လယ်ပိုင်းတွင် ဗန်းမောက်မြို့ပေါ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး ပြည်သူများ သတိပြုနေထိုင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ၂၃ရက်ကလည်း အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီ၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ဗန်းမောက် (ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်၊ Banmauk Revolution – BR)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top