မင်းပြားမြို့၊ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာရှိ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း(သို့မဟုတ်) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၇ နာရီ အချိန် ရက္ခိုင်ပြည်၊ မင်းပြားမြို၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သိုမဟုတ်) “တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်း၊ စစ်တပ်၏ လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ၁၀ ရက်အတွင်း တိုင်းဗဟို ၉ ကို စစ်ကောင်စီက လက်လွှတ်လိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ စစ်သား အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို ရက္ခိုင့်တပ်တော် AA က လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ကြောင်း သိရှိရသည်။

ယခင်ရက်များက AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ စစ်တပ်စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် အတွက် AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁ နာရီခွဲခန့် အချိန်တွင် မင်းပြားမြိုနယ်၊ သေကံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း သေဆုံးသွားခဲ့သော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသက်ဇော်အောင် (ခ) တာဇံ ၏ နာရေးကို တပ်လိုင်းခန်းတွင် ပြင်ဆင်ထားမှု။

ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) “တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်၊ ညနေ (၇) နာရီ အချိန်ခန့်တွင် သင်တန်းကျောင်းတစ်ခုလုံးအား အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်သည်။

တိုင်းဗဟို (၉) ဟုခေါ်သော အဆိုပါ ရန်သူ့သင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်။ ရန်သူ၏ လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ဆယ်ရက်အတွင်း တိုင်းဗဟို (၉) အား ရန်သူ့ဘက်မှ လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ ရန်သူ့အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့သည်။ ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို ရက္ခိုင့်တပ်တော်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

ယခင်ရက်များက မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ရန်သူ့စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် အတွက် မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီခွဲခန့် အချိန်တွင် မင်းပြားမြို့နယ်၊ သေကံကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *