ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှတပ်ရင်းမှူးအပါအဝင်၂၀ ကျော်ထိခိုက်သေဆုံးကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကပြောသည်။
ကျောက်ကြီး- နတ်သံကွင်း ကားလမ်းဘေးရှိ နောင်ကုန်းကျေးရွာတဝိုက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစ၍ ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ နှစ်ရက်ဆက်တိုက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
” အဲ့ဒီနောင်ကုန်းထိတွေ့ ဖြစ်စဉ်မှာ စကစဘက်က အယောက် ၂၀ ကျော် သေဆုံးတယ်လို့ ကျွန်တော်တို့ မျက်မြင် မြေပြင်သတင်းအရ သိရှိရပါတယ်။ အဲ့ဒီထဲမှာ တပ်ရင်းမှူးတဦးပါတယ်လို့ သတင်းရထားပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ ဆက်လက်အတည်ပြုနေဆဲပါ။ ကျွန်တော်တို့ ဒီဘက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေပေါ့။ KNLA၊ PDF တွေဘက်ကတော့ ကျဆုံးတာ မရှိပါဘူး။ ရဲဘော်နှစ်ဦးလောက်ပဲ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာရှိပါတယ်” ဟု ရဲဘော်တင်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ထိခိုက်ကျဆုံးမှုသတင်းများနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က KNU တပ်မဟာ (၃) KNLA၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) နှင့် PDF များက နေရာသုံးနေရာမှနေ၍ ဒရုန်းများ၊ ၄၀ မမအမျိုးအစား လက်နက်များ၊ လက်ဖြောင့်သေနတ်နှင့် လက်နက်ငယ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ရေးသားဖော်ပြထားကြသည်ကို တွေ့ရသည်။
” ရန်သူ့လေကြောင်းတိုက်ခိုက်မှုတွေရှိပေမယ့် ကျွန်တော်တို့ ဒီဘက်တွေကိုတော့ ကြီးကြီးမားမား ထိခိုက်မှုတွေတော့ မရှိပါဘူး။ အဓိကကတော့ သူတို့ ချီတက်ရာ လမ်းကြောင်းကို ရှင်းတဲ့သဘောပါ” ဟု ရဲဘော်တင်ဦးကပြောသည်။
နောင်ကုန်းကျေးရွာ အနီးပတ်ဝန်းကျင်အပါအဝင် ကျောက်ကြီး- နတ်သံကွင်း ကားလမ်းတလျှောက်၌ ယနေ့ မတ်လ ၁ ရက်နေ့အထိ စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း ရဲဘော်တင်ဦးနှင့် မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ တိုက်ပွဲကြောင့် ဒေသခံအချို့ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရကြောင်းလည်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နတ်သံကွင်းမြို့ကို သိမ်းပိုက်နိုင်ရေးတိုက်ခိုက်နေသလို စစ်ကောင်စီကလည်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးစားနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရဲဘော်တင်ဦးကပြောသည်။