စစ်ကောင်စီက ကလေးတက္ကသိုလ်ထဲတွင် စခန်းချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ကလေးတက္ကသိုလ် ပါချုပ်ပြော

စစ်တပ်က တက္ကသိုလ်တွင်တပ်စွဲပြီး ဆရာ၊ဆရာမ ၊​ကျောင်းသူ​ကျောင်းသားများကို လူသားဒိုင်းအဖြစ်အသုံးချခဲ့ဟု PDF တာဝန်ရှိသူ​ပြော

စစ်ကောင်စီတပ်က ကလေးတက္ကသိုလ်ထဲတွင်အထိုင်စခန်းချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုခဲ့ကြောင်း ကလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာယောဟန်ထွန်းကပြောကြားသည်။

၎င်းသည် ဟားခါးတက္ကသိုလ်မှ ကလေးတက္ကသိုလ်ကို ၂၀၂၁ စက်တင်ဘာတွင် ပြောင်းရွှေ့ခဲ့ပြီး ၎င်းမရောက်ခင်ကတည်းက စစ်ကောင်စီတပ်က ကလေးတက္ကသိုလ်ထဲတွင် တပ်စွဲထားကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်စတင်ရောက်ရှိတဲ့ကာလစပြီး ကလေးတက္ကသိုလ်ဝင်းထဲမှာ တပ်ဖွဲ့တစ်ဖွဲ့ တပ်စွဲထားပါတယ်။ ၎င်းတပ်ဖွဲ့ကကျောင်းရဲ့ လုံခြုံရေး၊ ရှေ့မျက်နှာစာမှာရှိတဲ့ ဂိတ်မကြီး လုံခြုံရေးနဲ့ ရံဖန်ရံခါမှာ လက်နက်ကြီးတပ်ဆင်ပြီးတော့ ပစ်ကူပေးတာ လုပ်ရတဲ့ တာဝန်တွေကို တွေ့ရတယ်။ ”ဟု ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းကပြောသည်။

ကလေးမြို့တောင်နှင့် မြောက်ဘက်ရှိ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၂၁ ရက်က စတင်ကာတိုက်ခိုက်ခဲ့ပြီး ထိုထဲတွင် စစ်ကောင်စီတပ်စွဲထားသည့် ကလေးတက္ကသိုလ်လည်းပါဝင်ခဲ့သည်။

ကလေးတက္ကသိုလ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်တိုက်ပွဲအတွင်း တိုက်ပွဲပိုပြင်းထန်လာလာသောအခါ တက္ကသိုလ်ရှိ Non-CDM ဆရာ၊ဆရာမ ​၊ဝန်ထမ်းများ ၊ကျောင်းသား​ကျောင်းသူများ​​​နေရာပြောင်းရန် စဥ်းစား​နေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ ​ရောက်လာပြီးကျည်ဆံလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ဒေါက်တာယောဟန်ထွန်းကပြောသည်။

“ဝန်ထမ်းများအားလုံးကို ခေါ်ဆောင်ပြီးတော့ ဘေးကင်းရာကို ထွက်ဖို့ညွန့်ကြားတဲ့အတွက် ဘေးကင်းရာကို လိုက်ပါပြီးထွက်ခဲ့ရပါတယ်။ အပြင်ဘက် ကျည်ဆံမကျရောက်တဲ့နေရာမှာ ကျတော်တို့ကို စုစည်းပြီးခေါ်ဆောင်သွားပါတယ်။ အခုကျတော်တို့အားလုံး ရှိနေတဲ့ နေရာမှာ ဘေးကင်းလုံခြုံစွာနဲ့ အထိအခိုက်ဒဏ်ရာရရှိမှုလည်းမရှိပါဘူး။ ဒီတပ်ဖွဲ့တွေက စားရေးသောက်ရေး အစစအရာရာစီစဉ်ပေးပါတယ်” ဟု ပါမောက္ခဒေါက်တာယောဟန်ထွန်းကပြောသည်။

Non CDM ၀န်ထမ်း ၇၀ ခန့်နှင့် ကျောင်းသား ၄၀ ခန့်အပါအ၀င်မိသားစု၀င်များကိုပါ ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့​ကြောင်းသိရသည်။ တက္ကသိုလ်တွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုတိုက်ခိုက်​​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှု ရှိပြီး ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုဘအနည်းအကျဥ်းရှိခဲ့သည်။

လက်ရှိအချိန်တွင် ၎င်းတို့အားလုံး ဘေးကင်းလုံခြုံစွာရှိ၍ Non-CDMဝန်ထမ်းများနှင့် ကျောင်းသားတို့၏မိဘဆွေမျိုးများ စိတ်မပူကြရန်နှင့် ကျောင်းသူ အချို့ကိုလည်း ယနေ့(​ဖေ​ဖော်ဝါရီ ၂၉) မနက်ကစ၍ ပြန်လည်ပို့ဆောင်ပေးနေပြီဟုလည်း ဒေါက်တာယောဟန်ထွန်းကပြောသည်။

ပထမဆုံးအသုတ်အဖြစ် ​လမ်းခရီး အဆင်​ပြေ​သော​ကျောင်းသူ ၁၀ ဦးကို မိဘများရှိရာသို့ ​ဖေ​ဖော်ဝါရီ ၂၉ ရက်တွင် ​ဘေး​ကင်းစွာပြန်ပို့ခဲ့ပြီဖြစ်​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊မြေပြင်တပ်ရင်း တာဝန်ရှိသူတစ်ဦးက​ပြောသည်။

စစ်​ကောင်စီတပ်က ကလေးတက္ကသိုလ်ထဲတွင်လက်နက်ကြီးအထိုင်ချတပ်ဆင်၍ ချင်းတောင်နှင့် ကလေးဒေသကို လက်နက်ကြီးပစ်ကူ​ပေးခဲ့သလိုခြေလျင်စစ်ကူပေးခဲ့​ကြောင်းလည်း PDFတစ်ဦးးက​ပြောသည်။

စစ်ကောင်စီတပ်က ကလေးတက္ကသိုလ်ထဲမှာ လူနေရပ်ကွက်များနှင့်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများကလည်း ပြောသည်။

“စကစဖက်ကနေ သတင်းတွေလျှောက်ဖြန့်နေတာတွေ့ရတယ်။ ကျနော်တို့က တက္ကသိုလ်ထဲတပ်စွဲထားတဲ့ ရန်သူကိုသွားတာတိုက်တာ။ စကစက တက္ကသိုလ်ဆရာ/မတွေ၊ ကျောင်းသားတွေကို လူသားဒိုင်းကာပုံစံလုပ်ပြီး အသုံးချနေတာဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုနှုန်း မြင့်လာတာနဲ့အမျှ ဒီလူအုပ်ကြီးက ထိခိုက်မှုရှိလာနိူင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ တိုက်ပွဲကြားညပ်နေတဲ့ ၀န်ထမ်း/ကျောင်းသားတွေကို ကူညီကယ်ထုတ်ရတာဖြစ်တယ်။ သူတို့ကိုလည်း တသုတ်ပြီးတသုတ် လမ်းခရီးအခြေအနေပေါ်မူတည်ပြီး ပြန်ပို့ပေးနေတယ်” ဟုပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊မြေပြင်တပ်ရင်း တာဝန်ရှိသူတစ်ဦးက​ပြောသည်။

စစ်​ကောင်စီက က​လေးတက္ကသိုလ်မှ ဆရာ၊ဆရာမနှင့် ​ကျောင်းသူ​ကျောင်းသားများကို ​တော်လှန်​ရေးအဖွဲ့များကယ်ထုတ်သွားခြင်းအ​ပေါ် အတင်းအဓမ္မဖမ်းဆီး​ခေါ်​ဆောင်သွားသည်ဟုစစ်​ကောင်စီဝါဒဖြန့် မီဒီယာများမှ​ဖော်ပြခဲ့သည်။

၂၀၂၃ နိုဝင်ဘာ ဒုတိယပါတ်ကလွိုင်​ကော်မြို့တိုက်ပွဲတွင်လည်း လွိုင်​ကော်တက္ကသိုလ်အတွင်းတပ်စွဲထား​သောစစ်​ကောင်စီတပ်ကို ကရင်နီတပ်​ပေါင်းစုက တိုက်ခိုက်ပြီး ပါချုပ်အပါအဝင် ဆရာ၊ဆရာမ ၊​ကျောင်းသူ ၊​ကျောင်းသားများကို ကရင်နီပူး​ပေါင်းတပ်ကကယ်ထုတ်​ပေးခဲ့ရသည်။

လက်နက်ကိုင်တပ်ဖွဲ့များမှာ ​ကျောင်းများ၊တကက္ကသိုလ်များ၊​ဆေးရုံများ ၊ဘာသာ​ရေးအ​ဆောက်အအုံများတွင် တပ်စွဲ​နေထိုင်ခြင်းမပြုရဟု နိုင်ငံတကာကွန်ဗန်းရှင်းက သတ်မှတ်ထား​သော်လည်း စစ်​ကောင်စီတပ်သည် အဆိုပါ​နေရာများကို အဓိကတပ်စွဲ​နေသည်ကို​တွေ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *