မြန်မာစစ်တပ်က ထွက်ပြေး၊ လက်နက်ချသူ နှစ်သောင်းခန့်ရှိ (ဒေါ်ဇင်မာအောင်)

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာစစ်တပ်က ထွက်ပြေးလာသူ၊ လက်နက်ချသူ နှစ်သောင်းလောက် ရှိတဲ့အကြောင်းနဲ့ ဒီထက်လည်း ပိုနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြင်သစ်နိုင်ငံ FRANCE 24’s Marc Perelman နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ပြောဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ဒေသခံ PDF အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်လာပြီး စစ်တပ်ဘက်က စခန်းတွေ အများအပြား လက်လွှတ်ဆုံးရှုံးရနေရသလို တပ်ဖွဲ့ဝင်တွေ အများအပြား ထွက်ပြေးနေတဲ့အတွက် စစ်တပ်ရဲ့ ထိန်းချုပ်မှု ကျဆင်းလာနေပြီဆိုတာကို ဒေါ်ဇင်မာအောင်က ပြောဆိုသွားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်ခံတပ်တွေက နယ်မြေ ၆၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၇၀ ရခိုင်နှုန်းနီးပါး ထိန်းချုပ်လာနိုင်ပြီး လာမယ့်လပိုင်းတွေမှာ စစ်ကောင်စီကို ပိုပြီး ဖိအားပေးနိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ် တရားဝင် အသိအမှတ်ပြုဖို့လည်း သူက‌တောင်းဆိုသွားပါတယ်။

မြန်မာစစ်တပ်က လက်နက်ချတဲ့ စာရင်း၊ ထွက်ပြေးတဲ့စာရင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ကြေညာတာ မရှိသလို၊ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်တွေတော့ ထွက်မလာသေးပါဘူး။ မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အရင်က မကြုံဖူးတဲ့ အနေအထား အရေးနိမ့်လာတဲ့အခြေအနေ ရင်ဆိုင်နေရတာကိုတော့ ဒေသတွင်းအကဲခတ်တွေနဲ့ သံတမန်တွေက သုံးသပ်ပြောဆိုနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *