မြန်မာရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်တွေတွင်လူအများအပြားသေဆုံးမှုအပေါ် စစ်ကောင်စီက သတင်းလိမ်လည်ထုတ်ပြန်

ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက်က စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၃၀ ကျော်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်ပြီ AA က လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ဆိုကာ မတ်လ ၁ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင် အဖြစ်မှန်ကို ဖုံးကွယ်ပြီး လိမ်လည်ရေးသား သတင်းထုတ်ပြန်သည်။

၎င်းသတင်းကို “ AAအကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့ မြို့မ စျေးအနီးရှိ ဒေသ အခေါ်အဝေါ် ကိုးရီးယားဆိပ်ကမ်းစျေးအတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ” သည်ဟု ခေါင်းစဉ်တပ်ပြီး ဖော်ပြထားသည်။

စစ်တွေမြို့ရှိ မျက်မြင်ဒေသခံများက ၎င်းလက်နက်ကြီးကျည်များမှာ ပွိုင့်အနားတွင် ရပ်နားထားသော နေဗီက ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

စစ်တွေမြို့မှ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးက “ဒီလို လိမ်လည်ပြီး ထုတ်ပြန်လာမှာကို လူတိုင်းသိပြီးသားပါ။ သူတို့ရဲ့ အကြမ်းဖက်မှုကို ဖုံးကွယ်ဖို့ တစ်ဖက် အဖွဲ့အစည်းကို စွပ်စွဲလာမယ်ဆိုတာ လူတိုင်း နားလည်ထားပြီးသားပါ။ သူတို့ စစ်ကောင်စီကို ဘယ်သူယုံလို့လဲ။ အခု ကိစ္စ ပြည်သူတွေသာမက သူတို့စစ်အစိုးရ ဌာနဆိုင်ရာ လူကြီးတွေပါ ရေတပ်ကနေ ပစ်တယ်ဆို အကုန်လုံးသိနေတာဟာကို ဘယ်လိုလုပ် လိမ်လို့ရမှာလဲ။ ဒီလို လုပ်လေ သူတို့ ပိုသိက္ခာကျလေပါဘဲ”ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ သတင်းစာထဲတွင် “ ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မစျေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုးရီးယားဆိပ်ကမ်း စျေးအတွင်း၌ ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ပေါက်ကွဲတစ်ခုဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူ့အချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများအား စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀) သို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိသည်”ဟု ဖော်ပြသည်။

၎င်းအပြင် အေအေအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်သို့ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေတပ်နယ်ဘက်သို့လည်း လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် တပ်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံအချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်ဟု ဆက်လက်ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်များလုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဒေသခံပြည်သူများ အနေဖြင့် လုံး၀ လက်ခံနိုင်ခြင်း မရှိကြောင်းနှင့် ပြင်ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည် စသဖြင့် ရေးသားထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် အမှန်တကယ် အဖျက်အမှောင့်နှင့် အကြမ်းဖက်မှုကို လုပ်ဆောင်နေသည်မှာ မြန်မာစစ်တပ်သာဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသော စစ်ကောင်စီတပ်ကို ရခိုင်ပြည်သူများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မလိုလားကြဟု လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ ဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီက ပစ်တယ်ဆိုတာ ပြည်သူအများစုက သိတယ်။ AAက ရခိုင်ပြည်သူကို မသတ်။ ပြည်သူကို အကြမ်းဖက်ပြီးသတ်နေတာက စစ်ကောင်စီသာဖြစ်တယ်။ စစ်ရာဇဝတ်မူကို ပြောင်ပြောင်တင်းတင်းကျူးလွန်ပြီးတော့ တစ်ဖက်သားကို အပြစ်ပုံချတာက စစ်ကောင်စီ၏ ယုတ်မာမှုတစ်ခုလို့ပြောချင်ပါတယ်”ဟု ပြောဆိုသည်။

၎င်းပြင် ရက္ခိုင့်တပ်တော်သည် ၎င်းပတ်ဝန်းကျင် အနီးတွင်လည်း မရှိကြောင်း၊ မြေပြင် အနေအထားရလည်း မည်သို့မှ အေအေက ပစ်ခတ်ခြင်း လုံး၀မဖြစ်နိုင်ကြောင်း၊ ယခုလို အဝေးကြီးသို့ လှမ်းပစ်နိုင်သည့် အဆင့်မြင့် ဒုံးကျည်များလည်း မရှိကြောင်း၊ စစ်ကောင်စီတပ်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်လို၍ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ဦးမြတ်ထွန်းက ဆက်လက် ပြောဆိုသည်။

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အထဲတွင် ၎င်းပစ်ခတ်မှုကို စစ်ကောင်စီတပ်က ကျူးလွန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

AA ၏ ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ နံနက် (၈) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောတစ်စီးပေါ်မှ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ (၁၂) ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ (၃၁) ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ (၅၀) နီးပါးအထိရှိကာ စုစုပေါင်း (၈၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။

စစ်တွေမြို့နှင့် ပတ်ဝန်းကျင်အနီးတဝိုက်၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်းဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ်ချက်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသ စစ်မျက်နှာတွင် စစ်ရှုံးနေမှုကိုလက်မခံနိုင်ဘဲ အရှက်ရဒေါသအမျက်ထွက်လျက် လူမျိုးရေးအမုန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများကို ဗုံးကြဲခြင်း၊ မြို့ရွာရှိ ဈေးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း နှင့် လမ်းတံတားများကိုဖျက်ဆီးခြင်း အစရှိသည့် အောက်တန်းကျသော နည်းလမ်းပေါင်းစုံတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *