ကာကွယ်ရေးတပ်များမကြာခဏတိုက်ခိုက်ခဲ့​သော မြိုင်၊ ကျောက်ခွက်ရေနံမြေရှိ စစ်ကောင်စီတပ်စခန်းမှစစ်သားနှင့်ရဲများစွန့်ခွာ

မြိုင်မြို့နယ်တွင် စစ်​ကောင်စီထိန်းချုပ်ထား​သော မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်း- MOGE ပိုင် Well-2 ရေနံတွင်း အထိုင်ချထားသည့် စစ်ကောင်စီစခန်းမှ စစ်သားနှင့် ရဲများသည် ယမန့်နေ့ (​ဖေ​ဖော်ဝါရီ ၂၉ )တွင်စခန်းကို စွန့်ခွာသွားကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။

စစ်ကောင်စီက Well-2 ကျောက်ခွက်ရေနံမြေကို အခိုင်အမာ ဘန်ကာများတည်ဆောက်ထားပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များအတွင်း ကာကွယ်ရေးတပ်များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သည်။

“ကာကွယ်ရေးတပ်တွေတိုက်တာမဟုတ်ပဲနဲ့ စစ်ကောင်စီတပ်တွေက သူဖာသာ စခန်းစွန့်သွားတာပါ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုစခန်းရှိ စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၂၂ ရက်က ဝက်ပုတ်ပျူရွာစခန်းမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းဖြင့် ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် လိုက်ပါသွားခြင်းဖြစ်သည်။

“စခန်းစွန်သွားတဲ့ သူတွေက နေ့လယ်ပိုင်းမှာ ဝက်ပုတ်ရွာက ပျူတွေနဲ့ စက်မှု ၂ ထဲကစခ စခန်းထဲကိုအဖွဲ့ခွဲဝင်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် စွန့်ခွာသွားသည့် ကျောက်ခွက်ရေနံမြေမှ စစ်ကောင်စီစခန်းကို ကာကွယ်ရေးတပ်များက ယမန့်နေ့လယ်ပိုင်းက ဝင်ရောက်ရှင်းလင်းခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။

အာဏာမသိမ်းခင်က ထိုစခန်းသည် အမှတ်(၂) ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲက ကျောက်ခွက်ရေနံမြေ လုံခြုံရေးအဖြစ် ရဲတပ်စိတ်တစ်ခုအထိုင်ချသည့်နေရာဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများနှင့်ရဲများက အခိုင်အမာစခန်းချထားခြင်းဖြစ်သည်။

၂၀၂၃ခုနှစ်အတွင်း ပေါက်မြို့နယ်၊သရက်ကန်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံရဲနှင့် စစ်သားများကလည်း စခန်းစွန့်ပြီး ထိုရေနံမြေစခန်းတွင် စုပေါင်း အထိုင်ချနေခြင်းဖြစ်သည်။

ထိုစခန်းကို ၂၀၂၄ ဇန်နဝါရီ ၂၄ ရက်တွင် ​တော်လှန်​ရေးအဖွဲ့များက နှစ်ရက်ဆက်တိုက်တိုက်ခဲ့သည်။ မတိုက်ခိုက်ခင် ဒေသခံကာကွယ်ရေးတပ်များက လက်နက်ချရန် အကြိမ်ကြိမ်သတိပေးခဲ့သည့်စခန်းလည်းဖြစ်သည်။

ထိုစခန်းကို ၂၀၂၃ မတ်နှင့် ၂၀၂၂ စက်တင်ဘာ၊ အောက်တိုဘာလတို့အပါအဝင် ထိုစခန်းကို ကာကွယ်ရေးတပ်များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွား​သော စခန်း​ရှေ့တွင် PDF များအမှတ်တရ ဓါတ်ပုံရိုက်ကူးစဥ်နှင့် စခန်းအတွင်းပိုင်းမြင်ကွင်း။ဓါတ်ပုံ-CJ )

Leave a Comment