တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲ အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ အကြိမ်ပေါင်းများစွာ ဓါးပြတိုက်သည့် အဖွဲ့ကို ဖမ်းဆီးရမိ

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်၊ ရဲနှင့်ပြည်သူ့စစ်များအဖြစ် အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ အကြိမ်ပေါင်းများစွာ ဓါးပြတိုက်သည့် အဖွဲ့ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း၊ စိုက်ပျိုးရေးလမ်းရှိ ခရိုင်ကော်မရှင်ရုံးအိမ်ရာဝန်းအတွင်း နေအိမ်တွင် နေထိုင်သူ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး၏ နေအိမ်အား စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့၊ည (၁၁)နာရီ အချိန်ဝန်းကျင်၌ ဝင်ရောက် စစ်ဆေးရာမှ ဓါးပြတိုက်ရန် ဆွေးနွေးနေချိန်တွင် တရားခံများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အသက်(၃၂)နှစ်အရွယ် အေးကိုကိုဦး နှင့် အတူ အသက်(၂၀)နှစ်အရွယ် စိုင်းမောင်ထွန်း(ခ)အိုက်ပီး၊ အသက်(၂၇)နှစ်အရွယ် စိုင်းလှမောင်၊ အသက်(၁၈)နှစ်အရွယ် စိုင်းခမ်းတွီ၊ အသက်(၃၈)နှစ်အရွယ် ရဲသီဟလွင် နှင့် အသက်(၂၀)နှစ်အရွယ် ကျိုင်းစံဟိုင်း တို့ကို တစ်နေရာတည်းတွင် ဖမ်းဆီးရမိခြင်း ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် အသက်(၂၅)နှစ်အရွယ် စိုင်းဆိုင်မိန်းကို ဆေခမ်းရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထဲမှာ သိမ်းဆည်းရရှိသည့် သေနတ်များမှာ ဩစတေးလျ နိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊ COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ USA နိုင်ငံထုတ်၊ M4 A1 Carvine M-320461 (၁)လက်၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက် နှင့် တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁)လက် စုစုပေါင်း သေနတ်မျိုးစုံ (၆)လက် နှင့်အတူ အဆိုပါ သေနတ်များနှင့်အတူ အသုံးပြုသည့် ကျည်ဆံမျိုးစုံ (၉၇)တောင့်ကိုလည်း သိမ်းဆည်းရမိကြောင်း သိရည်။

ယင်းအပြင် ဓားရှည်(၁)ချောင်း၊ နံပါတ်ထုတ်(၁)ချောင်း၊ စကားပြောစက် (၁)လုံး အပါအဝင် လက်ထိပ်များနှင့် ရဲဝတ်စုံ၊ ပြည်သူ့စစ်ဝတ်စုံနှင့် ပြောက်ကျားဝတ်စုံများ၊ အပြင် ဓါးပြတိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

၎င်းတို့ အသုံးပြုသည့် Honda Fit အမျိုုးအစား စိမ်းနုရောင် ကား (၁)စီးနှင့် Crown အမျိုးအစား အဖြူရောင်ကား(၁)စီး တစ်စီးတို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်၊ ပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ မိုက်ကြေးခွဲခြင်းနှင့်အတူ ဓါးပြတိုက်ခြင်းများ အစဉ်တစိုက် လုပ်ဆောင်နေသည့် အဖွဲ့များထဲက (၇)ဦးကို လက်ရှိတွင် ဖမ်းဆီးရမိထား၍ စစ်ကြောနေလျှက်ရှိပြီး ဆက်လက်၍လည်း ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရန် ကြိုးပမ်းနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး ဦးဆောင်သည့် ဓါးပြအဖွဲ့၏ အင်အားမှာ (၇)ဦးတည်းမဟုတ်ဘဲ အများအပြားရှိနိုင်ပြီး ၎င်းတို့သည် နောက်ဆုံးအနေဖြင့် ၂၀၂၄ခုနှစ်၏ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလအတွင်း ဆက်တိုက် ဓါးပြမှုများ ကျူးလွန်ခဲ့သည့်အပြင် ဓါးပြမှုတခုတွင် နေအိမ်ပိုင်ရှင်က သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၍ ခြေထောက်တွင် တစ်ဦး ကျည်ထိမှန်သည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။

အလားတူပင် တာချီလိတ်မြို့၌ ယခင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးညီညီဌေး၏ သားဖြစ်သူ မြင့်မြတ်အောင်(ခ)ဖိုးသားကြီး ဦးဆောင်ပြီး သေနတ်များကိုင်ဆောင်ကာ ဓါးပြတိုက်သည့်အဖွဲ့ကိုလည်း တာချီလိတ်ရဲတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့အကူး နံနက် (၂)နာရီခွဲဝန်းကျင်အချိန်က ဖမ်းမိထားပြီနောက် ဆက်လက်၍ ထပ်မံထွက်ပေါ်လာသည့် ယခု ဓါးပြအဖွဲ့ကိုလည်း ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ဓားပြတိုက်လုယက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော ၇ ဦးပါ အဖွဲ့ကို ဖမ်းဆီးရရှိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ဓားပြတိုက်နေသည့် စစ်ကောင်စီရွေးကောက် ပွဲ ကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော အဖွဲ့ကို ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ရပ်ကွက်များ အတွင်း စစ်တပ်နှင့် ရဲဝတ်စုံများ ဝတ်ဆင်၍ လက်နက်များ ကိုင်ဆောင်လျက် မကြာခဏ ဓားပြတိုက် လုယုက် ပြန်ပေးမှုများ ဖြစ်ပွားနေသဖြင့် ရှာဖွေဖမ်းဆီးရာ ဖေဖော်ဝါ ရီလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန် တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုး ရေးလမ်း၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အိမ်ရာတွင် ရွေးကောက် ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ယင်းနောက် ဓားပြတိုက်သည့် အဖွဲ့ကို ကွင်းဆက်များဖြင့် ထပ်မံ ဖမ်းဆီးရာတွင် အဖွဲ့ခေါင်းဆောင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အသက် ၃၂ နှစ်အရွယ် ဒုဦးစီးအရာရှိ အေးကိုကိုဦး ၊ ပါဆပ်ရပ်ကွက်မှ စိုင်းမောင်ထွန်း(ခ)အိုက်ပီး ၊ ဝမ်းလုံးကျေးရွာမှ စိုင်းလှမောင် ၊ ဆန်းဆိုင်း(ခ) ရပ်ကွက်မှ စိုင်းခမ်းတွီ ၊မယ် ခေါင် ရပ်ကွက်မှ ရဲသီဟလွင် ၊ ဝိန်းကျောက်ရပ်ကွက်မှ ကျိုင်းဆံဟိုင်း၊ ဆေခမ်းရပ်ကွက်မှ စိုင်းဆိုင်မိန်း တို့ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဒုဦးစီးအရာရှိ အေးကိုကိုဦးနှင့်အဖွဲ့ထံမှ လက်နက်များ၊ ယာဉ်များ၊ ရဲဝတ်စုံနှင့် ပြည်သူ့စစ်ဝတ်စုံများကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *