ပေါက်ခေါင်းတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ PDF ၁ ဦးကျဆုံး

ပဲခူးတိုင်း၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊လှည်းကူးအုပ်စု၊ အောင်သပြေရွာထဲရှိ စစ်တပ်ကို ၃ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးသွားကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများပြားနေသော စစ်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အောင်သပြေရွာထဲသို့ ဝင်သွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်သား ၁ ဦး နေရာတွင် လဲကျသေဆုံးသွားကြောင်း၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင်လည်း ထိုစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ၃ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရွာထဲမှ အပြင်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦးသေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း စနိုက်ပါ အဖွဲ့နှင့် တပ်ခွဲ ၁၊ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲပေါင်းစုစစ်ကြောင်းနှင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ တို့ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

ထိတွေ့တိုက်ပွဲများတွင် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများသည် အောင်သပြေရွာအနောက်ဘက် တောကြောတန်းပေါ်သို့ ဆုတ်ခွာထွက်ပြေးသွားပြီး ရွာထဲသို့လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရွာထဲရှိ အိမ်များပျက်စီးဆုံးရှုံးမှုရှိနိုင်ပြီး ပျက်စီး ဆုံးရှုံးမှုများကိုစုံစမ်းနေဆဲ ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရှင်းလင်းပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *