ရန်ကုန်နှင့် မန္တလေးရှိ မြို့နယ်တချို့တွင် ရှေ့တန်းရောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စီးပွား ရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများထံမှ အလှူငွေများ ကောက်ခံ

ရန်ကုန်နှင့်မန္တလေးတိုင်းရှိ မြို့နယ်တချို့တွင် ရှေ့တန်းရောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများ ကောက်ခံနေကြောင်း လုပ်ငန်းရှင်တချို့ကပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးရှိ မြို့နယ်တချို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကြောင်း၊ အစည်းအဝေးတွင် တိုင်းပြည်တွင် စစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံ၏ အခြေအနေများအရ စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များကလည်း တတ်စွမ်းသမျှ နိုင်ငံအတွက် ငွေကြေးများ ပါဝင်ထောက်ပံ့ကြရန် လိုအပ် ကြောင်း ပြောဆိုကာ အလှူငွေများ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁ ရက်နေ့ အမရပူရမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ၍ စစ်တပ်အတွက် တတ်စွမ်းသမျှ လှူကြရန် ပြောဆိုပြီး အနည်းဆုံး ၃ သိန်း အလှူခံသွားကြောင်း သိရှိရသည်။

” အမရပူရမှာ ထွေ/အုပ်က ကုမ္ပဏီတွေကို အစည်းဝေးခေါ်ပြီး ရှေ့တန်းထွက် ခြင်းကြား တပ်အတွက် ကုမ္ပဏီ တစ်ခုကို သဒ္ဓါသလောက်လို့ပြောပြီး အနည်း ၃သိန်း အလှူခံပါတယ်” ဟု စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးကမူ လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးက စီးပွားရေးသမားများ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်ရေး လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော စစ်တပ်နှင့်ရဲများအတွက် ဟုဆိုကာ ငွေကျပ် အနည်းဆုံး သိန်း ၅၀ အလှူခံလာကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်က စီးပွားရေး မကောင်းမွန်သဖြင့် သိန်း ၂၀ သာ ယူပါရန် ညှိနှိုင်းမှုဖြင့် အလှူငွေ ထည့်ဝင်လိုက်ရကြောင်း ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ ဌာနပေါင်းစုံပါဝင်သော မြို့နယ်လုံးဆိုင်ရာအစည်းအဝေးတစ်ခု။


Comments

Leave a Reply

Your email address will not be published. Required fields are marked *