ဧရာဝတီတိုင်းအတွင်းရှိ ထွေအုပ်ဝန်ထမ်းများကို အွန်လိုင်းမဲပေးစနစ်နှင့် စစ်သင်တန်း တွဲ၍ နှစ်ပတ်ကြာ တက်ရောက်ခိုင်း

ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းမှ ထွေအုပ်ဝန်ထမ်းများကို အွန်လိုင်းမဲပေးစနစ်နှင့် စစ်သင်တန်းတွဲ၍ အချိန် နှစ်ပတ်ကြာ တက်ရောက်ခိုင်းနေကြောင်း ထွေအုပ်ဝန်ထမ်းများထံကသိရသည်။

“ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲပေးစနစ်ရယ် လက်နက်ငယ်သင်တန်းကို နှစ်ပတ်တက်ရမယ်။ အချို့မြို့နယ်ကို အရင်လကတည်းက တက်ခိုင်းထားတယ်။ သင်တန်းမပြီးတဲ့ မြို့နယ်တွေက ထွေအုပ် ဝန်ထမ်းတွေကို ဒီလထဲမှာအပြီးတက်ခိုင်းနေတာ”ဟု တိုင်းစစ်ကောင်စီ မှ သတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ သင်တန်းတွင် အွန်လိုင်းမဲပေးခြင်းစနစ်နှင့် စစ်ရေးပြသင်ခန်းစာနှင့် လက်နက်ငယ်ပစ်ခတ်မှုများကို သင်ယူရကြောင်း သင်တန်းတက်ရောက်ခဲ့သည့် ထွေအုပ်ဝန်ထမ်းများထံကသိရသည်။

“ သင်တန်းခေါ်တုန်းကအွန်လိုင်းမဲပေးဖို့ အတွက်ပဲပြောတာ။ တကယ်တမ်းကျတော့ သေနတ်ပစ်တဲ့သင်တန်းတွေပါ တက်ခိုင်းတာ။ နောက်ပြီး စစ်ရေးပြတွေပါ အမောင်းခံရတယ်။ သင်တန်းတက်တဲ့အချိန်မှာ ဖုန်းတွေအသိမ်းခံရတယ်။ အိမ်ကိုဖုန်းဆက်ဖို့တောင် ပေးမခေါ်ဘူး လုံခြုံရေးတင်းကြပ်ထားတယ်”ဟု သင်တန်းတက်ရောက်ခဲ့သည့် ညောင်တုန်းမြို့ခံ ထွေအုပ်ဝန်ထမ်းတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းအတွင်းတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီအတွင်းက ပုသိမ်၊ ကြံခင်းနှင့်မြန်အောင် စသည့် မြို့နယ်များတွင် အွန်လိုင်းမဲပေးစနစ် စမ်းသပ်မှုများကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့နှင့် တိုင်းစစ်ကောင်စီမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်များရှိ ထွေအုပ်ဝန်ထမ်းများကို ရွေးကောက်ပွဲ လုပ်ငန်းစဥ်နှင့် လုံခြုံရေးအရ အခြေခံစစ်သင်တန်းတက်ရောက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားကြောင်း သိရသည်။

ဓာတ်ပုံ စစ်ကောင်စီပြန်ကြားဝန်ကြီးဌာန(MOI)


Comments

Leave a Reply

Your email address will not be published. Required fields are marked *