ကရင်နယ်ခြားစောင့်တပ် BGF ကို ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် ပြောင်းလဲဲမည်

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF တပ်နယ်အားလုံး စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော်(Karen National Army -KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့ BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်း ၏ ပြောဆိုကာချက်ကို ကိုးကားကာ ကရင်သတင်းဌာန ကေအိုင်စီ က ဖော်ပြပါတယ်။

စစ်ကောင်စီကပေးတဲ့ လစာ နဲ့ အထောက်အပံ့ကို မယူတော့ဘဲ KNA တပ်ဖွဲ့အဖြစ် သီးသန့်ရပ်တည် သွားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် BGF တပ်နယ် (၄)ခုမှ တပ်နယ်မှူးများအားလုံး တက်ရောက်သည့် အစည်းအဝေးတွင် ထိုသို့ သဘောတူညီအတူတကွ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

BGF တပ်ဖွဲ့ဝင်များအားလုံး KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်ကိစ္စကို ယခုအချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ အချို့တွင်မူ KNA (ကရင်အမျိုးသားတပ်မတော်) တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သည့် ပိုစတာဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရှိရကြောင်း ကေအိုင်စီ သတင်းအရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေကြားမှာ သဘောတူညီခဲ့ကြတဲ့ ကိစ္စ နဲ့ ဆက်စပ်ပြီး BGF နဲ့ စစ်တပ်တို့ကြား ယခုနှစ်ဆန်းပိုင်းကတည်းက သဘောထားတင်းမာတွေရှိနေခဲ့တာပါ။

မြဝတီမြို့ အနီး ရွှေကုက္ကို မြို့သစ် စီမံကိန်းနယ်မြေထဲက တရားမဝင်လောင်းကစားဂိမ်းနဲ့ ငွေကြေးလိမ်လည်နေတဲ့ လုပ်ငန်းတွေကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အဓိကပါဝင်ပတ်သက်သူတဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ဗြိတိန်နိုင်ငံက ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF တာဝန်ရှိသူ ၃ဦးကို အရေးယူပိတ်ဆို့မှုတွေစာရင်းထဲ ထည့်သွင်းကာ ဒဏ်ခတ်ပိတ်ဆို့ထားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစလို့ ကရင်နယ်ခြားစောင့်တပ်(BGF)ဟာ စစ်တပ်လက်အောက်ခံအဖြစ်မှ ခွဲထွက်ကာ သီးခြားရပ်တည်သွားမည်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူ ကိုယ်တိုင်ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF သည် တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားပြီး လှိုင်းဘွဲ့၊ ဖာပွန်၊ မြဝတီ နဲ့ ကြာအင်းဆိပ်ကြီးမြို့တွင် အဓိကလှုပ်ရှားလျက်ရှိကာ အင်အား ၇၀၀၀ ကျော်အထိရှိကြောင်း သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *