ဘေးလွတ်ရာတိမ်းရှောင်နေသော ကောလင်းဒေသခံများအား PDFများက စားနပ်ရိက္ခာများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကောလင်းဒေသတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာတောင်ယာများ၌ တိမ်းရှောင်နေရသော မြို့ခံစစ်ဘေးရှောင်များကို ပြည်သူ့ကာကွယ်ရေးနောက်တန်းရဲဘော်များက စားနပ်ရိက္ခာများလိုက်လံ‌ ဖြန့် ဝေပေးနေသည်။

“ရှေ့တန်းမှာ ရဲဘော်တွေ အသက်ပေးတိုက်ပွဲဝင်နေသလို ကျွန်မတို့နောက်တန်းရုံးအဖွဲ့ကလည်း စစ်ဘေးရှောင်များအတွက် တပ်ရင်းအရံဆန်နှင့် ဆီများကို တပ်ရင်းမှူး၏ညွန်ကြားမှုဖြင့် စနစ်တကျခွဲခြမ်းထုပ်ပိုးပြီး စစ်ရှောင်များဖြစ် သလိုနေ နေရသောတောစပ်များ စည်းရိုးဘေးများ ကွင်းပြင်ယာယီတဲများအထိ လိုက်လံထောက်ပံ့မှုများပေးနေကြပါတယ်”ဟု ကောလင်းခရိုင်တပ်ရင်း(၂)က ဓာတ်ပုံမှတ်တမ်းများနှင့် အတူ သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၉ရက်က ဆန်အိတ် ၈၀နှင့် ဆီ ၁၀ပုံး မတ်လ ၁ ရက်တွင် ဆန်အိတ် ၁၀၀နှင့် ဆီ ၂၀ပုံးတို့ကို လှူဒါန်းခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း ကောလင်းမြို့နယ်အတွင်း အခြေအနေမှာ လူနေကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၆ရက်က သစ်ဖုလှဘုရားကုန်းမှ စစ်ကောင်စီတပ်အား တိုက်ခိုက်စဉ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက ဟောင်ဝင်ဇာ ၁၀ကြိမ်ကျော်နှင့် ညနေ ၄ နာရီခန့်မှ ည ၇နာရီထိ ဂျက်ဖိုက်တာသုံးစင်းဖြင့် ဗုံးသီးများချကာ စက်သေနတ်များနှင့် ပစ်ကူပေးခြင်း၊ မြေပြင်မှစစ်ကြောင်းများ ဝင်ရောက်လာခြင်းတို့ကြောင့် တိုက်ပွဲရပ်နားခဲ့ရသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၉ရက်တွင် စစ်ကောင်စီ တပ်မ(၁၁)၊တပ်မ(၇၇) လက်အောက်ခံတပ်ရင်းများက ငါးကြီးအိုင်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးနီးပါးမီးလောင်ကျွမ်းခဲ့ကြောင်း Kawlin Revolution-KR က ယနေ့ သတင်းထုတ်ပြန်ထားသည်။

လတ်တလောတွင် စစ်ကောင်စီစစ်ကြောင်းများသည် ပြည်သူလူထု၏နေအိမ်များအားမီးရှို့ဖျက်ဆီးနေ၍ တော်လှန်ရေး ​ပူးပေါင်းအင်အားစုများမှလိုက်လံတားဆီး ကာကွယ်တိုက်ခိုက်နေရကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကောလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁၅,၀၀၀ခန့်ရှိနေပြီး ကောလင်းနှင့် ထိစပ်နေသော ကန့်ဘလူ၊ တန့်ဆည်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေသည်။

ဘေးလွတ်ရာတိမ်းရှောင်နေသော ပြည်သူများအား ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ – ကောလင်းခရိုင် တပ်ရင်း(၂)


Comments

Leave a Reply

Your email address will not be published. Required fields are marked *