ရခိုင် ဂွမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စည်းရုံးဟောပြောနေ

ရခိုင်ပြည် ဂွမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စည်းရုံးဟောပြောပွဲများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစ၍ စည်းရုံးဟောပြောနေပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံ ရပ်မိရပ်ဖများအပါအဝင် အသင်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

” အဓိက ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်တွေ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်နဲ့ ကာလအပိုင်းအခြားတွေကို ပြောပြပါတယ်။ စစ်မှုထမ်းရင် ဘယ်လိုအကျိုးကျေးဇူးတွေရမယ်နဲ့ မထမ်းဘူးဆိုရင် ဘယ်လိုအရေးယူ ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ အကြောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပြောခဲ့တာဖြစ်ပါတယ်။ ” ဟု ပြောသည်။

စစ်မှုထမ်းဥပဒေတွင် မြန်မာနိုင်ငံသား အမျိုးသားတိုင်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ပြောဆိုထားပြီး အမျိုးသမီးများ စစ်ထမ်းရန်မလိုဟုလည်း ပြောဆိုထားသည်။

သတ်မှတ်ထားသော အသက်အရွယ်ရှိ လူငယ်အမျိုးသားများအနေဖြင့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပါက ထိရောက်သော ပြစ်ဒဏ်များကို ပေးမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုနေသည်။

ရခိုင်ပြည် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့နယ်များတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စည်းရုံးဟောပြောခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စည်းရုံးဟောပြောခြင်းများ မပြုလုပ်ကြောင်း သိရသည်။

တောင်ကုတ်မြို့ဒေသခံတစ်ဦးက ” စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့မြို့မှာ စစ်ကောင်စီက စည်းရုံးဟောပြောတာ လုပ်မယ်လို့ ပြောသံကြားတယ်။ ဘယ်နေ့လုပ်မလဲတော့မသိဘူး။ အရပ်ဘက်အဖွဲ့တွေရော၊ ဌာနဆိုင်ရာတွေကိုရော အသိပြောနေတာရှိပါတယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေကတော့ စစ်မှုထမ်းဥပဒေကို လုံးဝ သဘောမတူပါဘူး။ စစ်ကောင်စီကိုလည်း နိုင်ငံရဲ့ အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတာမဟုတ်ဘူး။ အသိအမှတ်မပြုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဥပဒေကို ကျနော်တို့ လိုက်နာစရာမလိုဘူးလေနော်။ စစ်ကောင်စီကတော့ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ပြီး ရခိုင်ပြည်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးလာနိုင်တယ်။ ဒါကတော့ ကျနော်တို့အားလုံး ဝိုင်းဝန်းဆန့်တိုက်ခိုက်ရပါမယ်။ ” ဟု ဆိုသည်။

ရခိုင်ပြည် မြောက်ပိုင်းဒေသက မြို့နယ်များတွင် စည်းရုံးဟောပြောခြင်းများကို မပြုလုပ်တော့ဘဲ အာဏာသိမ်းစစ်ကောင်စီတပ်သည် မွတ်ဆလင်များကို အတင်းအဓ္ဓမစစ်မှုထမ်းရန် ခေါ်ယူလျှက်ရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသား ၁၁၇ ဦးကို အတင်းအဓ္ဓမ ခြိမ်းခြောက်ခေါ်ယူသွားပြီဖြစ်ကြောင်းနှင့် စစ်တွေမြို့နယ်မှ ဒါးပိုင်၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘုမေ စသည့်ကျေးရွာများမှ မွတ်ဆလင်အမျိုးသား ၁၅၀ ဦးထက်မနည်းကိုလည်း ခေါ်ယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦးက ” ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ်က ဘုမေကျေးရွာဘက်က မွတ်ဆလင်တွေ စစ်ကောင်စီ စစ်ဝတ်စုံ၊ လက်နက်အပြည့်နဲ့ စစ်ကား ၃ စီးနဲ့ ခေါ်ယူသွားတာကို မြင်တွေ့လိုက်ရတဲ့သူတွေရှိတယ်။ ၁၅၀ လောက်တော့ ခန့်မှန်းရတာပဲ။ စစ်တွေမြို့အထွက်မှာရှိတဲ့ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရုံးဘက်သို့ ခေါ်သွားတာကို တွေ့လိုက်ရတယ်။ ” ဟု ‌ဆိုသည်။

ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသား ၁၁၇ ဦးကို စစ်သင်တန်းပေးနိုင်ရန် အာဏာသိမ်းစစ်ကောင်စီမှ ကျောက်ဖြူဒေသရှိ ခမရ ၅၄၂ တပ်ရင်းသို့ ခေါ်ယူသွားသည်ဟု ဒေသခံမွတ်ဆလင်များက ပြောဆိုကြသည်။

ဘူးသီးတောင်၊ မောင်တောတွင်လည်း မွတ်ဆလင် ၁၁၁ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန် စာရင်းကောက်ယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

သတင်းရင်းမြစ်တစ်ဦးက ” အခု လောလောဆယ်တော့ ဘူးသီးတောင်က မွတ်ဆလင် ၁၁၁ ထက်မနည်း ပါသွားပြီ။ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက် ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြူတောင်ကျေးရွာမှ လူငယ် ၁၀ ဦးပါသွားတယ်။ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြဿနာဖြစ်လာနိုင်တယ်။ စစ်ကောင်စီက အဲလိုအကွက်တွေကို ရွှေ့နေတာ။ ” ဟု ပြောသည်။

ဘူးသီးတောင်၊ မောင်တောတွင်လည်း မွတ်ဆလင် ၁၁၁ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန် စာရင်းကောက်ယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

သတင်းရင်းမြစ်တစ်ဦးက ” အခု လောလောဆယ်တော့ ဘူးသီးတောင်က မွတ်ဆလင် ၁၁၁ ထက်မနည်း ပါသွားပြီ။ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက် ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြူတောင်ကျေးရွာမှ လူငယ် ၁၀ ဦးပါသွားတယ်။ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြဿနာဖြစ်လာနိုင်တယ်။ စစ်ကောင်စီက အဲလိုအကွက်တွေကို ရွှေ့နေတာ။ ” ဟု ပြောသည်။

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်များနေထိုင်သော သဲချောင်းရွာ၊ သဲချောင်းဒုက္ခသည်စခန်း၊ ဒါးပိုင်ရွာ၊ ဒါးပိုင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ် အမျိုးသား ၅၀ ဦးထက်မနည်းကို ဖောဖော်ဝါရီလ ၂၀ ရက်နေ့က စာရင်းကောက်ယူသွားကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက ” ပြီးခဲ့ တစ်ပတ်ကျော်လောက်ကနေ အဲဒီရွာတွေဆီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ စာရင်းတောင်းလို့ရှိတယ်။ အခု စာရင်းတွေကို ပေးလိုက်ရပြီ။ ထပ်ပြီးတော့လည်း ခေါ်ယူဖို့ ရှိတယ်လို့ မွတ်ဆလင်အကြီးအကဲတွေကို ပြောထားခဲ့တယ်လို့ သိရတယ်။ စစ်ကောင်စီဟာ ပြဿနာတွေကို ပိုကြီးထွားလာအောင် လုပ်နေတာနဲ့တူပါတယ်။ ” ဟု ဆိုသည်။

မွတ်ဆလင်လူငယ်များမှာ စစ်မှုထမ်းရန် စိတ်ပါကြခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခြိမ်းခြောက်ပြောဆိုနေခြင်းကြောင့် စာရင်းပေးနေရသည်ဟု မွတ်ဆလင်အကြီးအကဲများထံမှ သိရသည်။

ပြည်တွင်းပြည်ပရှိ မွတ်ဆလင်အကြီးအကဲများမှ စစ်ကောင်စီမှ မွတ်ဆလင်များအား စစ်မှုထမ်းရန် ခေါ်ယူခြင်းကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ပြဿနာများ ပိုမိုကြီးထွားလာစေရန် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်အပါအဝင် နိုင်ငံအနှံ့အပြားတွင် မရှုမလှ စစ်ရှုံးနေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူမထောက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံကိုင်စွဲ၍ အတင်းအဓ္ဓမလုပ်ယူ ပြဌာန်းကာ နိုင်ငံရှိ လူငယ်များကို စစ်မှုထမ်းရန် ခေါ်ယူလျှက်ရှိနေသည်။

နိုင်ငံအတွင်းက မြန်မာလူငယ်အများစုမှ စစ်မှုမထမ်းလို၍ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများသို့ ထွက်ပြေးခိုလှုံလျှက်ရှိနေကြောင်း စုံစမ်းသိရသည်။

ပုံစာ – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က စစ်မှုဥပဒေနှင့်ပတ်သက်၍ စည်းရုံးဟောပြောနေစဉ်။ (ဓါတ်ပုံ – စစ်ကောင်စီ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *