PDF တစ်ဦး စစ်ကောင်စီထံ လက်နက်ချသွားပြီးနောက် ဂန့်ဂေါမြို့ပတ်ဝန်းကျင်သို့ စစ်တပ်က လက်နက်ကြီးပစ်ခတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့စစ်ကောင်စီထံသို့ ဖေဖော်ဝါရီ၂၉ရက်တွင် PDF တစ်ဦး လက်နက်ချဝင်ရောက်သွားပြီးနောက် မတ်လ၁ရက်နေ့၊ ညပိုင်း၌ ဂန့်ဂေါမြို့ခလရ (၅၀) တပ်ရင်းမှ မြို့ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။

“PDF တစ်ယောက် စစ်တပ်ထဲဝင်သွားတာရှိတာကိုး၊ အဲ့ဒါကြောင့်လို့ ထင်တာပါ့၊ အရင်တစ်ခါတုန်းကလည်း ဇဟောသားတစ်ယောက် စစ်တပ်ထဲပြေးသွားတုန်းကလည်း ညဆိုရင်ထုတာ။ လက်နက်ကြီးမထုတာက အတော်ကြာပါပြီ၊ အခုလည်း အဲ့ဒါကြောင့်လို့ထင်တာပါ့”ဟု စိုင်ဒူးရွာဒေသခံတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီသည် ဂန့်ဂေါမြို့မြောက်ပိုင်းကျေးရွာများသို့ ည၈နာရီအချိန်ခန့်တွင် ၁၂၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွာစည်ကျေးရွာသို့ လက်နက်ကြီးတစ်လုံးကျရောက်ကာ အသက်၅၀အရွယ်အမျိုးသမီး ထိခိုက်ခဲ့ခြင်းဖြစ်သည်။

“ပထမကတော့ တစ်ချက်ချင်းစီထုတာ၊ နောက်တော့ ၂လုံးပြိုင် ၃လုံးပြိုင်တွေထုတာထင်တယ်နော၊ ဆက်တိုက်ထုတာ။ မြစ်အနောက်ဘက်တွေကျတယ်။ ရွာအနားတွေကျတယ်။ တစ်လုံးက ရွာထဲကိုကျပြီး အဲ့ဒီအမျိုးသမီးကိုထိသွားတာ၊ ပေါင်ရင်းနဲ့ လက်မောင်းတွေထိတယ်။ ဒဏ်ရာကပြင်းတယ်။ ဖြတ်ရမယ်ထင်ပါတယ်”ဟု ရွာစည်ရွာဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ဂန့်ဂေါခရိုင်​ပြည်သူ့ကာကွယ်​ရေးတပ်၊ တပ်ရင်း(၁၄)မှ ရဲဘော်ကျော်မင်းဟိန်းဆိုသူသည် ဂန့်ဂေါမြို့စစ်ကောင်စီ၏ အမတ (၃၇၁)၊ အမြောက်တပ်တွင်းသို့ သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်သွားပြီးနောက် ခလရ(၅၀)တပ်ရင်းသို့ စစ်ဆေးရန် ယမန်နေ့တွင် စစ်ကောင်စီက ဆက်လက်ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုသည် ည၈နာရီမှာ ည၁၀ နာရီအထိကြာမြင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားသည့် အမျိုးသမီးကို တော်လှန်းရေးဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

PDF ရဲဘော်တစ်ဦး စခများထံသို့ ဝင်ရောက်သွား

ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းတွင် အမှတ် ၁စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ် ၁၄ တပ်ရင်း၊ တပ်ခွဲ ၂ မှ အသက် ၂၀ခန့်ရှိ ရဲဘော် ကျော်မင်းဟိန်းသည် ဂန့်ဂေါမြို့ ပြည်ဝအမြှောက်တပ်သို့ ပါရီ 81 တလက်ယူဆောင်ကာ ဝင်ရောက်သွားကြောင်းသိရပါတယ်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ် ၁စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ် ၁၄ တပ်ရင်း Facebook page မှတဆင့် ဆက်သွယ်မေးမြန်းရာ “ပါရီ 81တလက်ယူဆောင်ပြီးထွက်ပြေးသွားတာဟုတ်မှန်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂နှစ်ကျော်ခန့်ကတည်းက အတူတကွ ပူးပေါင်းတိုက်လာခဲ့သူမို့ ယခုလိုထွက်ပြေးမယ်လို့ လုံးဝမထင်မှတ်ထားကြောင်းနဲ့တခြားအကြောင်းအရာတွေတော့သေချာမလိုက်ရသေးဘူးဒီကောင်ကိုမိရင်တော့ခွင့်မလွှတ်ဘူး တော်လှန်ရေးကိုသစ္စာ‌ဖောက်တဲ့အတွက်‌ကြောင့်ကျ‌နော်တို့အောင်နိုင်သွားတဲ့အချိန်ကျရင် အပြစ်ပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်ကြောင်း” အတည်ပြုပြောဆိုခဲ့ပါတယ်။

နယ်မြေခံ ပကဖရဲဘော်တစ်ဦးကတော့ ” မနက်က ကျော်မင်းဟိန်းက ခွေးစိတ်ပေါက်ပြီး ပြည့်ဝအမြှောက်တပ်ထဲဝင်သွားတယ်ပြောတယ်။ ဂန့်ဂေါပျူထဲမှာ ကျောတိုက်သား မဲလုံးဆိုတဲ့ သူ့ဦးလေးရှိတယ်။ ကျော်မင်းဟိန်းက စိုင်ဒူးရွာသားပါ။ သူ့ဦးလေး အဆက်အသွယ်နဲ့ ပြည့်ဝအမြှောက်တပ်ကိုဝင်သွားတာပြောတယ်။ အဲကနေ ခလရ ၅၀ထဲ ခေါ်သွားပြီးစစ်ဆေးရေးလုပ်နေတယ်လို့ကကြားတယ်”လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။

ကျော်မင်းဟိန်းနဲ့ ပတ်သက်ဆက်နွယ်သူများအနေဖြင့် ယခုချိန်မှစ၍ အဆက်သွယ်ဖြတ်ရန်လိုအပ်ကြောင်း မိဘပြည်သူများသိစေရန် အသိပေးအပ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *