ထိုင်းလွှတ်တော်၏ မြန်မာ့အရေးဆွေးနွေးပွဲ စစ်ကောင်စီ ကန့်ကွက်စာပို့

မြန်မာအာဏာသိမ်းမှု ၃ နှစ်ပြည့်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံလွှတ်တော်က ယနေ့ ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲအား ပြင်းထန်စွာကန့်ကွက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ပြီးခဲ့သည့်အပတ်အတွင်း၌ စာပေးပို့ခဲ့ကြောင်း သိရသည်။

ထိုင်းလွှတ်တော်သည် အာဏာသိမ်းမှု သုံးနှစ်အကြာ ဒီမိုကရက်တစ်မြန်မာသို့ နှင့် ထိုင်း-မြန်မာနယ်စပ်ဒေသ လုံခြုံရေးသက်ရောက်မှု အခြေအနေနှင့် ပတ်သက်ပြီး မတ် ၂ ရက်၊ ၃ ရက်တို့တွင် ဆွေးနွေးပွဲကျင်းပနေခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကြား လက်ရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပေါ် အနုတ်လက္ခဏာဆောင်သည့် ထိုဆွေးနွေးပွဲကျင်းပခြင်းအတွက် ထိုင်းလွှတ်တော်အား ကန့်ကွက်ကြောင်းနှင့် မြန်မာ၏ စိုးရိမ်ပူပန်မှုများကို လွှတ်တော်သို့တဆင့် ပြောကြားပေးရန်လည်း စစ်ကောင်စီက ပြောထားသည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက “လက်ရှိ နွေးထွေးသော ဆက်ဆံရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်မှုကိုမဆို အနာဂတ်တွင် မလုပ်ဆောင်ရန် ၎င်းတို့ကို အသိပေးစေလိုသည်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

မြန်မာ့အရေး ထိုင်းလွှတ်တော်ဆွေးနွေးပွဲအား ထိုင်းအစိုးရ အတိုက်အခံပါတီ Move Forward က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပါတီခေါင်းဆောင်းပိုင်းမှလည်း ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပါဝင်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြုအချို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်၌ အသက်ဝင်ကြောင်း ကြေညာခဲ့ပြီး ထိုကြေညာချက်ကြောင့် စစ်မှုထမ်းရန် အသက်အပိုင်းအခြားအတွင်း အကျုံးဝင်သည့် မြန်မာလူငယ် အများအပြား ထိုင်းနိုင်ငံသို့ ဝင်ရောက်မှု ပိုမိုများပြားလျက် ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *