“ရမ်းဗြဲတွင် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦး အစာငတ်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေ”

ရက္ခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး ရက္ခိုင့်တပ်တော် AA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီက စစ်ကူတွေပို့ပေးပေမယ် ရောက်လာသမျှ စစ်ကူစစ်ကြောင်းတွေကို ရက္ခိုင့်တပ်တော် AA က သုတ်သင်ရှင်းလင်းခဲ့သလို မသေပဲ ကျန်နေတဲ့ အကြမ်းဖက် စစ်သားတွေဟာလည်း ရမ်းဗြဲကျွန်းပေါ်မှာပဲ ပတ်ပြေးနေခဲ့ရပါတယ်။

စစ်ကောင်စီက သူတို့လူတွေ ရှုံးနေတာ သိသိကြီးနဲ့ အသေခံခိုင်းထားပြီး ပြန်မခေါ်ခဲ့ပါဘူး။ ဒါ့အပြင် လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ မလောက်မင ရိက္ခာချထားပေးပေမယ့် နယ်မြေစိုးမိုးထားတဲ့ ရက္ခိုင့်တပ်တော် AA က ချလာသမျှ ထောက်ပို့ပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။

ဒါက ရမ်းဗြဲကျွန်းရဲ့ ပစ္စက္ခ မြေပြင် အရှိတရားပါ။

ဒီလိုအနေအထားမှာ ရမ်းဗြဲကျွန်းပေါ်မှာ လချီကြာအောင် အစာရေစာ ပြတ်လတ်ပြီး ပိတ်မိနေတဲ့ အကြမ်းဖက် စစ်သားတွေထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းဟာ စားနပ်ရိက္ခာ ပြတ်တောက်ပြီး အစာငတ်ကာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

အဆိုးဆုံး အခြေအနေကတော့-

အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေဟာ ငတ်ပြီးသေတဲ့သူတွေ ရှိနေသလို အစာရေစာ ပြတ်လတ်ပြီး သည်းမခံနိုင်တော့တဲ့အဆုံး စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦး အပါအဝင် အကြမ်းဖက်စစ်သား ၃ ဦးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အဆင့်ထိ ရောက်ရှိခဲ့တာပါ။

“ကျနော်တို့ သိရတာတော့လေ သူတို့ (စစ်ကောင်စီ) ရိက္ခာပြတ်နေတာ ကြာပြီ။ ရမ်းဗြဲမြို့ထဲမှာ ဘာဒဏ်ရာမှ မရှိဘဲ သေနေတဲ့ စစ်ကောင်စီဖက်က အလောင်း ၅ လောင်းတွေ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေသွားတာ ၃ ယောက်ရှိတယ်။ အဲဒီမှာ တစ်ယောက်က ဗိုလ်ကြီးလို့ AA က ဖမ်းထားတဲ့သူတွေ ပြောတယ်လို့ သိရပါတယ်”

ဟု အမည်မဖော်လိုတဲ့ ရမ်းဗြဲမြို့ခံ တစ်ဦးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ခဲ့ပြီး (၃) လကျော် ကြာလာပြီဖြစ်တဲ့ ရမ်းဗြဲကျွန်းပေါ်က တိုက်ပွဲ။ ပင်လယ်ထဲမှာပဲ ရှိနေတဲ့ ရမ်းဗြဲကျွန်း။ ရေတပ်က စစ်င်္ဘောတွေသာ လာမကယ်ရင် ဆုတ်ခွာစရာ လမ်းမရှိပဲ ပိတ်မိနေတဲ့ အကြမ်းဖက် စစ်သားတွေ။

ဒါကတော့ ရမ်းဗြဲကျွန်းပေါ်က စစ်ကောင်စီတပ်တွေရဲ့ နောက်ဆုံးသိရတဲ့ အခြေအနေပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *