လှိုင်သာယာနှင့် အင်းစိန်မြို့နယ်အတွင်း ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုများတွင် လူ ၄ ဦးသေဆုံး၊ ဗုံးသယ်ဆောင်လာသူများဟု စစ်တပ်က စွပ်စွဲ သတင်းဖော်ပြ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာတွင် လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများတွင် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်အချိန်မှ ည ၉ နာရီအတွင်း ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၊အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ဗုံးများအသီးသီးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ညပိုင်း ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၃ ထိပ် ဗုံးပေါက်ကွဲမှုတွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

“ည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာ ၃ထိပ်မှာ ဗုံးပေါက်တာ။ လူ ၂ ယောက်သေနေတယ်။ စက်ဘီးအောက်မှာ တစ်ယောက်၊ လမ်းဘေးမြောင်းနားမှာ တစ်ယောက်က အူတွေပါပွင့်တယ်။ ၂ ဦးလုံးပွဲချင်းပြီး သေနေကြတာ” ဟု မျက်မြင်ဒေသပြည်သူက ရှင်းပြသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၄၄ မိနစ်အချိန် အင်းစိန်မြို့နယ်၊ အောင်ဆန်းကျောင်းဂိတ်တွင်လည်း ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုအတွင်း ကားတစ်စီးမီးလောင်ခဲ့ကာ ကားပေါ်ပါ လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကားမီးလောင်သွားတာမှာ ကားထဲက လူ ၂ ဦးသေတယ်လို့ သိရပါတယ်။ မီးသတ်က မီးငြိမ်းပြီးမှ ကားထဲမှာ အလောင်းတွေ့တာ။ နောက်ပြီး ကားပေါ်မှာပဲ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်တာလို့ သိရတယ်” ဟု အင်းစိန်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သော ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကမူ အင်းစိန်နှင့် လှိုင်သာယာ ဗုံးပေါက်ကွဲမှုများတွင် သေဆုံးသူများမှာ ဗုံးသယ်ဆောင်လာသူများဖြစ်သည်ဟု စွပ်စွဲသတင်းဖော်ပြထားသော်လည်း ယင်းဖော်ပြချက်ကိုအတည်ပြုနိုင်ခြင်းမရှိပေ။

မြို့ပြ UG တယောက်ရဖို့ကမလွယ်ကူဘူး

ရန်သူနဲ့အနီးဆုံးမှာ အသက်နဲ့ဘဝရင်းပီးကိုယ်ယောင်ဖျောက်နေရတာ အခုတော့

လူမရှင်းလို့ ပစ္စည်းကို ဟိုရွေ့ဒီရွေ့လုပ်ရင်း

သူများကိုငဲ့ညှာလို့ ပါဝါဖွင့်ထားတော့

အချိန်ပြည့်ပီး ပေါက်ကွဲထိခိုက်ကုန်တာ

နောက်လူတွေအတွက် သင်ခန်းစာပဲ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *