ပုဏ္ဏားကျွန်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် ခမရ-၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေ

“ပုဏ္ဏားကျွန်းကို သံချပ်ကာကား‌တွေနဲ့ စစ်ကူပို့တာ ရူးနေလို့ပဲ ဖြစ်မယ်။ မင်းချောင်း တံတားကြီးချိုးပြီး ဘာလုပ်တာလဲ။ တပ်ရင်းထဲက တပ်ဖွဲ့ဝင်တွေကတော့ နည်းနည်ချင်းစီ စဆုတ်နေပြီလို့ ကြားထားတယ်”

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ မတ်လ ၁ရက် နေ့တွင် စတင်၍ စခန်းမှ ဆုတ်ခွာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက် နေ့ကတည်းက ရက္ခိုင့်တပ်တော် (AA) ၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံနေရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စခန်းမှ ဆုတ်ခွာနေကြကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ခမရ ၅၅၀ကို ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီ၏ ခမရ-၅၅၀ တပ်ရင်းတွင် ဘားအံအခြေစိုက် တပ်မ(၂၂) လက်အောက်ခံ ခမရ -၂၀၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အားဖြည့်ထားရှိ ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ ၅ ရက်ခန့်ကြာမြင့်လာပြီးနောက် ဖေဖော်ဝါရီ ၂၈ရက်တွင် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းနှင့် လူအင်အားလျော့နည်းလာသည့်အတွက် စစ်ကောင်စီသည် စစ်တွေမြို့မှနေ၍ သံချပ်ကာကားများပါသည့် စစ်ကြောင်းကို ပုဏ္ဏားကျွန်းသို့ စစ်ကူပို့ခဲ့ကြောင်းသိရသည်။

“ပုဏ္ဏားကျွန်းကို သံချပ်ကာကား‌တွေနဲ့ စစ်ကူပို့တာ ရူးနေလို့ပဲ ဖြစ်မယ်။ မင်းချောင်း တံတားကြီးချိုးပြီး ဘာလုပ်တာလဲ။ တပ်ရင်းထဲက တပ်ဖွဲ့ဝင်တွေကတော့ နည်းနည်ချင်းစီ စဆုတ်နေပြီလို့ ကြားထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ သံချပ်ကာကား နှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း AA က ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်နေ့က AA တပ်များ ပုဏ္ဏားကျွန်းမှတဆင့် စစ်တွေမြို့သို့ ဝင်ရောက်လာမည်ကိုစိုး၍ ပုဏ္ဏားကျွန်း- စစ်တွေ ဆက်သွယ်ထားသည့် မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် ပုဏ္ဏားကျွန်းသို့ စစ်ကူရန် ခက်ခဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုံစာ- ဖေဖော်ဝါရီ၂၈ရက်နေ့က AAတိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ၏ သံချပ်ကာကား


Comments

Leave a Reply

Your email address will not be published. Required fields are marked *