ရှေ့တန်း၌ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းသက်သေပြနိုင်မှ လစာ၊ သက်စွန့်စရိတ်နှင့် သေပင်စင်ထုတ်ပေးမည်ဟု ပြောဆိုမှုများရှိ

ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ လစာ၊ သက်စွန့်စရိတ်များနှင့် သေပင်စင်ကို အလောင်းသက်သေပြနိုင်မှသာ ထုတ်ပေးမည်ဟု စစ်ကောင်စီက ပြောဆိုကြောင်း သေဆုံးသူများ၏ မိသားစု၀င်များထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ လစာနှင့် သေပင်စင်များကို မိသားစုဝင်များက သွားရောက်ထုတ်ယူရာတွင် သက်ဆိုင်ရာဌာနများက အလောင်းသက်သေပြနိုင်မှသာ ထုတ်ပေးမည်ဟု ပြောဆိုမှုများရှိ‌နေကြောင်း သိရသည်။

“သေပင်စင်ထုတ်ချင်ရင် တပ်သားရဲ့သေဆုံးတဲ့ အလောင်းကို သက်သေပြရမယ်လို့ပြောတယ်။ အလောင်းလည်း ကျွန်တော်တို့ ဓာတ်ပုံသွားရိုက်လို့လည်းမရ၊ သေသွားတယ်ဆိုတာကိုလည်း အကြောင်းကြားထားတာမဟုတ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့စုံစမ်းပြီးမှ သိထားရတာဆိုတော့ ဘယ်လိုသက်သေပြနိုင်မလဲ။ အခုဆို ဆက်သွယ်မရတာ နှစ်လရှိသွားပြီ။ တိုက်ပွဲမှာသေတာ တစ်လကြာပြီဆိုတာ သူနဲ့တပ်ရင်းတူတဲ့ ရဲဘော်ကပြန်ပြောမှ သိရတယ်”ဟု ရခိုင်ပြည်နယ်တွင် တာ၀န်ကျနေသည့် သန်လျင်ရေတပ်မှ မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခင်က ရှေ့တန်းတွင် သေဆုံးသည့် တပ်သားများ စာရင်းကို မိသားစု၀င်များထံ တပ်ရင်းမှတစ်ဆင့် အကြောင်းကြားမှုများ ရှိခဲ့သော်လည်း ယခုနောက် ပိုင်းတွင် သေဆုံးတပ်သားများစာရင်းကို ပျောက်ဆုံး၊ ထွက်ပြေးဟုဆိုကာ စာရင်းသွင်းထားသည့်အတွက် မိသားစု၀င်များအနေဖြင့် သေစာရင်းထုတ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။

“အရင်ကဆို အရပ်ဘက်ဌာနဆိုင်ရာက ၀န်ထမ်းတွေ ခရီးထွက်ရင်း၊ ကျွန်းပတ်လိုက်ရင်း သင်္ဘော အက်ဆီးဒန့် (Accident) ဖြစ်လို့သေဆုံးရင် အလောင်းမတွေ့မချင်း ပျောက်ဆုံးရှာဖွေစာရင်းထဲ ထည့်ထားတာ။ အဲဒါ သူတို့ရှာနေတဲ့ကာလဆိုရင် သုံးလလောက်က လစာလည်းမရဘူး၊ သေစာရင်းလည်းထုတ်ခွင့်မရှိဘူး။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပေါ့။ တပ်ပိုင်းဆိုင်ရာမှာဆိုရင် တော့ အလောင်းအတည်ပြုစရာမလိုဘူး။ ရှေ့တန်းမှာ ကျတယ်ဆိုရင် သေပင်စင်၊ လစာ၊ သက်စွန့်စရိတ် အလွယ်ထုတ်လို့ရတယ်။ အခုကျတော့ အလောင်းသက်သေပြရမယ်ဆိုပြီး ရစ်လာတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် ရှမ်းမြောက်နှင့် ယခု တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့် ရခိုင်၊ ကရင်နီ ၊ တနင်္သာရီနှင့် ရှမ်းတောင်တိုက်ပွဲများတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ခံစားခွင့်များကိုရရှိရန်အတွက် မိသားစု၀င်များက လာဘ်ထိုး၍ လိုက်လံ ဆောင်ရွက်နေရသည်ဟု သိရသည်။

စစ်ကောင်စီက ရှေ့တန်းတွင် ပျောက်ဆုံး၊ သေဆုံးစာ ရင်းများကို မိသားစုထံ အကြောင်းမကြားဘဲ ပျောက်ဆုံးနှင့် ထွက်ပြေးစာရင်းများ သွင်းနေသည့်အတွက် မိသားစု၀င်များက လိုက်လံစုံစမ်း၍ သေဆုံးစာရင်း သွင်းနေရကြောင်း တပ်မိသားစု၀င်ထံက သိရသည်။

“မနက်ကတည်းက သေဆုံးစာရင်းလုပ်ဖို့ သွားတိုးရတာ။ လုပ်ပေးဖို့စာရင်း၀င်ဖို့ ပိုက်ဆံသုံးသောင်းပေးရတယ်။ အဲဒါတောင် ခြောက်လစောင့်ရမယ်။ ဘယ်လ၊ ဘယ်ရက်သေတယ်ဆိုတာ အတိအကျပြောတာတောင်မှပဲ။ မနက်စာတောင် မစားရဘူး။ တ‌စ်နေကုန်စောင့် နေရတာ။ လူတွေ မနည်းဘူး အကုန်တိုးဝှေ့နေကြတာ”ဟု ရခိုင်ရှေ့တန်းစစ်မျက်နှာပြင်မှ သေဆုံးသွားသည့် တပ်သားတစ်ဦး၏ မိသားစု၀င်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါသေဆုံးစာရင်းသွင်းရန် ဆိုင်ရာတိုင်းတပ် မတော်‌စစ်ဆေးရုံတွင် သွားရောက်လုပ်ဆောင်ကြရပြီး သေဆုံးများနေသည့်အတွက် တိုးဝှေ့တန်းစီစောင့်ဆိုင်းရမှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၌ လတ်တလောဖြစ်ပွား‌နေသည့် စစ်မျက်နှာပြင်များတွင် သေဆုံးသူများကို သေဆုံးစာရင်းမသွင်းဘဲ ပျောက်ဆုံး၊ ထွက်ပြေးဟုဆိုကာ ရိက္ခာနှင့်လစာများဖြတ်တောက်၍ မိသားစု၀င်များကိုလည်း ထောက်ပံ့ကြေးမပေးသည့်အပြင် တပ်လိုင်းခန်းများမှ နှင်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများအတွင်း သေဆုံးသွားသည့် အရာရှိပိုင်းမှစ၍ အောက်ခြေတပ်သားအထိ မိသားစု ၀င်များကို သေဆုံးသည်ကိုအကြောင်းမကြားသော ကြောင့် မိသားစု၀င်များမှ တိုက်ပွဲဖြစ်ပွားသည့်နေ့နှင့် မွေးနေ့များကို မှန်းဆရည်စူး၍ နာရေးပြုလုပ်နေရသည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *