TNLA က သိမ်းပိုက်ထားသော မန်တုံ ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန် လွှဲအပ်

ရှမ်းမြောက်ဒေသတွင် တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားသော မြို့နယ် ၃ ခုဖြစ်သည့် မန်တုံ ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန် လွှဲအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ညပိုင်း ထုတ်ပြန်ကြေညာသည်။

ယနေ့ မတ်လ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အကြမ်းဖက်စစ်ကောင်စီ၏ ကြေညာချက်တွင် မန်တုံမြိုနယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ် တို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်းစစ်တိုင်းမှူးကို အာဏာကုန်လွှဲအပ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်လုံခြုံရေး အာဏာအားလုံးကို စစ်တိုင်းမှူးကို လွှဲအပ်ကြောင်း စစ်ကောင်စီက ကြေညာလာခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော်TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့ ၇ ခုကို သိမ်းပိုက်ထားပြီး လက်ရှိတွင် TNLA ၏လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားအသစ်များ အကောင် အထည်ဖော်နေချိန်တွင် စစ်ကောင်စီက ယင်းသို့ ဆုံးရှုံးသွားသော မြို့နယ် ၃ ခုတွင် စစ်အုပ်ချုပ်ရေး ကြေညာလာခြင်းဖြစ်သည်။

“TNLA သိမ်းပိုက်ထားတဲ့နေရာတွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေ ညာတာက ဒီနယ်မြေတွေကို ပြန်သိမ်းမယ်လို့ ကြေညာတာနဲ့အတူတူပဲဆိုတော့ သိပ်မကြာခင် အပစ်ရပ်ရပ်စဲရေးတွေလည်း ကျိုးပျက်ပြီး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်။ TNLA ကို မြို့တွေ မပေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ” ဟု ရှမ်းမြောက်ဒေသအရေး စောင့်ကြည့်လေ့လာနေသူ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

TNLA ထံ လက်လွှတ်ခဲ့ရသည့် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့တို့ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုမြို့ ၃ မြို့ကို စစ်ကောင်စီလက်ထံမှ TNLA က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်တို့သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်တို့အား တရားဝင်အုပ်ချုပ်ခွင့်ပေးရန် တရုတ်နိုင်ငံတွင်း ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း သတင်းများ ထွက်လာပြီးနောက် စစ်ကောင်စီက TNLA သိမ်းဆည်းထားသည့် နယ်မြေများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။

နမ့်ဆန်နှင့် မန်တုံမြို့တို့သည် စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်ပြီး နမ္မတူမြို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အနီးတွင် တည်ရှိသည်။

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်အရ အဆိုပါ မြို့နယ် ၃ မြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး စစ်တပ်သည် ထိုဒေသတွင် ၎င်းတို့အပြစ်ပေးလိုသူများကို စစ်ခုံရုံးဖြင့် စစ်ဆေးထောင်ချခြင်းတို့ကိုလည်း ပြုလုပ်ခွင့်ရှိလာမည်ဖြစ်သည်။

ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ခေါင်းဆောင် ၃ ဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *