ကျောက်ဖြူနှင့် ရန်ကုန်တွင် ဖမ်းထားသော ရခိုင်လူငယ်များကို သတ်ဖြတ်ပါက စစ်ကောင်စီကို မိုးအဆုံးရေအဆုံး လိုက်ရှာပြီး ရှင်းလင်းမည်ဟု AA သတိပေး

ရခိုင်ပြည် ကျောက်ဖြူမြို့နှင့် ရန်ကုန်လေဆိပ်၊ ရန်ကုန်တိုင်းဒေသအတွင်း ဖမ်းဆီးခံထားရသော ရခိုင်လူငယ်များကို စစ်ကောင်စီအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် သတ်ဖြတ်မှုများ ပြုလုပ်ပါက မိုးအဆုံးရေအဆုံး လိုက်ရှာပြီး ရှင်းလင်းသွားမည်ဟု ရက္ခိုင့်တပ်တော် AA သတိပေးလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျောက်ဖြူလေဆိပ်၊ ရန်ကုန်လေဆိပ်နှင့် ရန်ကုန်တိုင်းဒေသမြို့နယ်အချို့တွင် ရခိုင်လူငယ်အများအပြား ဖမ်းဆီးခံထားရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မှ ကျောက်ဖြူသို့ လိုက်ပါလာသော ရခိုင်လူငယ်များကို မတရားစစ်ဆေးမှုများပြုလုပ်ပြီး ၂၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင်လည်း ရခိုင်လူမျိုး ၁၀၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက အောင်မင်္ဂလာအဝေးပြေးကားကွင်းမှ ရခိုင်ပြည်သို့ ကား ၃ စီးထွက်ခွာလာစဉ် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးသည်တင်သည် ကား ၃ စီးမှာ အောင်စစ်ခိုင်ကား နှစ်စီး၊ ပွင့်ဖြူကား တစ်စီးဟု သိရပြီး အမျိုးသမီး၊ အမျိုးသား ၁၀၀ ကျော်ပါဝင်ကာ အားလုံးသည် ရခိုင်ပြန်ကြသည့် ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း Western News မှ စုံစမ်းသိရှိရသည်။

ထိုရခိုင်လူငယ်များကို သတ်ဖြတ်မှုများပြုလုပ်ပါက အာဏာသိမ်းစစ်ကောင်စီကို မည်သည့်နေရာပင်ရောက်ရောက် အဆုံးအစွန်အထိ လိုက်ရှာပြီး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဆောင်ရွက်မည်ဟု ဦးခိုင်သုခက ယနေ့ မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ကျောက်ဖြူမှာပဲ ဖြစ်ဖြစ်၊ ရန်ကုန်မှာပဲဖြစ်ဖြစ် ဖမ်းထားတဲ့ ရခိုင်လူငယ်တွေ၊ မတရားဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်တွေကို စစ်ကောင်စီ မြန်မာစစ်တပ်က မတရားသတ်ဖြတ်မှုတွေ ဖြစ်လာပြီဆိုရင် ကျနော်တို့ ရက္ခိုင့်တပ်တော် အနေနဲ့ မိုးအဆုံးရေအဆုံး ပြန်ပြီး ပြတ်ပြတ်သားသား လက်တုန့်ပြန်သွားဖို့ဆိုတာကို သတိပေးချင်တယ်။ ” ဟု ဦးခိုင်သုခက ပြောဆိုခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့များတွင် ရောက်ရှိနေကြသည့် ရခိုင်လူငယ်များကို နေရပ်ပြန်ခွင့် မပေးဘဲ လေဆိပ်များတွင် ပိတ်ပင်ထားကာ စစ်ဆေးမှုများကိုလည်း ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *