ဆိပ်ဖြူမြို့မှ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့မှ စစ်ကြောင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရှော့တိုက်ဒုံးနှင့် မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဆိပ်ဖြူမြို့ပေါ်မှ ချောင်းမကြီး၊ ပင်းတလဲ၊ ကံတွင်း၊ ဆင်နီတောင်၊ ဒေါင်းသာ၊ ဆင်လမ်းချောင်း ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်သားနှင့် ရဲ အင်အား ၂ဝဝ ခန့်ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် အကြိမ် ၂ဝ ၊ ရှော့တိုက်ဒုံး ၂၅ လုံးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းများကြောင့် အပြန်အလှန် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ဝ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) မှ ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပ.က.ဖ) ၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃) NSP တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *