မင်းပြားခမရ(၅၄၁)တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ AA ထံ လက်နက်ချတဲ့ ရုပ်သံထွက်ပေါ်

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်က စစ်ကောင်စီတပ် ခမရ(၅၄၁)တပ်ကာ တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချ အလင်းဝင်တဲ့ ရုပ်သံမှတ်တမ်း ဒီက​နေ့(မတ် ၄ ရက်) လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

AAဟာ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် မင်းပြား၊ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊​မြေပုံ မြို့တွေကို အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ မင်းပြား (၅၄၁) တပ်ရင်းနဲ့ ခမရ(၃၇၉) တပ်ရင်းကို ဖေဖော်ဝါရီ ၆ ရက်မှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲက အမှတ် ၅၄၁ ​ခြေမြန်တပ်ရင်း ( ခမရ ၅၄၁) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချတဲ့ ရုံသံမှတ်တမ်း ထွက်ပေါ်လျက်ရှိရာ အဲဒီ ရုပ်သံဟာ အချိန် ၈ မိနစ်ကျော်ကြာမြင့်ခဲ့ပါတယ်။

အဲဒီ ၈မိနစ်ကြာ ရုပ်သံဟာ တပ်ရင်းထဲကနေလက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တန်းစီထွက်လာတာကို ရိုက်ကူးထားတာဖြစ်ပြီးရုပ်သံထဲမှာ ပါတဲ့သူတွေကိုရေတွက်ကြည့်ရာ ခန့်မှန်း ၂၀၀ ကျော်ရှိပါတယ်။

အဲဒီ ၂၀၀ကျော်ထဲမှာ ထက်ဝက်နီးပါးလောက်ဟာ ဒဏ်ရာရထားတာကိုလည်း ရုပ်သံမှာ တွေ့ရပြီး ဒဏ်ရာရသူတွေကို အထမ်းနဲ့ ထမ်းခေါ်လာတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းကုန်းပိုးခေါ်လာတာ၊ တွဲခေါ်လာတာ၊ ဒဏ်ရာရ တပ်သားတွေကိုယ်တိုင် တုတ်ထောက် လမ်းလျှောက်ထွက်လာတာစတာတွေကို ရုပ်သံမှာ မြင်ရပါတယ်။

တပ်ရင်းထဲကထွက်လာတဲ့ သူတွေထဲက ကျည်ကာ ဝတ်ထားတဲ့သူတွေကို ကျည်ကာချွတ်ဖို့ AA တပ်သားတွေက ပြောဆိုတာကြားရပြီး ကျည်ကာ၊ စစ်သုံးပစ္စည်း​တွေမှအပ ကျန်တဲ့ ကိုယ့်ပစ္စည်းတွေကိုယ်ယူ သွားဖို့ AA ရဲဘော်က ပြောတာကိုလည်း ကြားရပါတယ်။

ရက္ခိုင်နဲ့ ချင်းပြည်နယ် ပလက်၀ တိုက်ပွဲမှာစစ်ကောင်စီတပ်ရင်းဌာနချုပ် အများအပြားကို AAက သိမ်းပိုက်ထားပြီး တပ်ရင်းအချို့၊ စခန်းအချို့က AAထံလက်နက်ချခဲ့ကြတာလည်းရှိပါတယ်။လက်နက်မချတဲ့ တပ်စခန်းတွေကိုလည်း AAက တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

AA ကဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေထဲက စစ်ရာဇဝတ်မှု ကျူးလွန်သူ​တွေကို ပြစ်ဒဏ် အကြီးအ​သေးအလိုက် ရက္ခိုင့်တပ်​တော်ရဲ့ ဥပ​ဒေ ၊နိုင်ငံတကာ ဥပ​ဒေ​တွေနဲ့အညီ အ​ရေးယူမယ်လို့ AAကမတ်လ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခ က​ပြောပါတယ် ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *