မူဆလင်လူငယ်များ မလွှဲမရှောင်သာ စစ်သားစုဆောင်းခံရပါက ရသည့်နည်းဖြင့်ရုန်းထွက်ပြီး လာရောက်ခိုလှုံကြရန် AA အကြံပေး

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူများရှိပြီး AAအနေဖြင့်လည်း မည်သူမဆို အတင်းအကြပ် စစ်မှုထမ်းခိုင်းမည်မဟုတ်ဟု ပြော

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းလိုက်၍ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်နယ်မြေသို့ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်များ၊မိသားစုဝင်များရှိနေကြောင်း ရက္ခိုင့်တပ်တော် (AA)က အသိပေးပြီးတိမ်းရှောင်လာသူများကို ကောင်းမွန်စွာ လက်ခံကာ တက်နိုင်သမျှ ကူညီစောင့်ရှောက်ထားသည်ဟု AA ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခက ပြောသည်။

စစ်မှုထမ်း ဥပဒေကြောင့်ထွက်ပြေးလာသည့် လူငယ်များ ၊ ၎င်းတို့နှင့် ဆက်စပ်သည့် မိသားစုဝင်များ နှင့်ပတ်သက်ပြီး ULA/AAထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးလာခြင်းရှိသကဲ့သို့ ထပ်မံရောက်လာသူများရှိနေဆဲဖြစ်၍ အရေအတွက် အတိအကျ စာရင်းမပြုစုရသေးဟု မတ်လ ၄ရက် သတင်းစာရှင်းလင်းပွဲ၌ ဦးခိုင်သုခက ပြောသည်။

“စစ်မှုထမ်းဥပဒေကြောင့် ဒုက္ခရောက်ပြီး ထွက်ပြေးလာတဲ့ ဘယ်သူ့ကို မဆိုဥပမာ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ သူမဟုတ်တဲ့လူကောင်းသူကောင်းဟူသမျှ အားလုံးကို လက်ခံပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ထိုသို့လာရောက်သူများနှင့်ပတ်သက်ပြီး AAက စစ်မှုထမ်းခိုင်းခြင်းရှိမရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်နှင့်ပတ်သက်ပြီး ဦးခိုင်သုခက AA အနေဖြင့် သက်ဆိုင်ရာကာယကံရှင်ဆန္ဒမ ပါဘဲ မည်သူတစ်ယောက်ကိုမှ အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်းမရှိကြောင်း ပြောသည်။

“ULA/AA ရဲ့ မူ၀ဒါတွေကိုကြိုက်နှစ်သက်လို့သူကိုယ်တိုင် စစ်မှုထမ်းချင်တယ်လို့ပြောလာရင်ဆိုရင်တော့ကျနော်တို့ကဝဲလ်ကမ်းပါ”ဟု ဦးခိုင်သုခက ပြောသည်။

မူဆလင်များကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန် ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး AAအဖွဲ့၏ သဘောထားအမြင်ကို ဦးခိုင်သုခက ပြောပြသည်။

“စစ်ကောင်စီက စစ်သားစုနေတယ်လို့ဆိုတာထက် မူဆလင်တွေကိုစစ်သင်တန်းပေးပြီး လက်နက် တပ်ဆင်ပြီး အသေခံတပ်သားအဖြစ် စစ်တိုက်ခိုင်းဖို့ ကြံနေတယ်လို့ ကျနော်တို့က ဒီလိုမြင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျနော်တို့ရက္ခိုင်ပြည်ကို သူတို့ မထိန်းချုပ်နိုင်လို့ ဆုတ်ခွာရတဲ့ အခြေအနေရောက်လာတယ်ဆိုတော့ ရက္ခိုင်ဒေသထဲမှာ လက်နက်ကိုင် ပဋိပက္ခ ပြဿနာတွေ လူမျိုးရေးအဓိကရုန်းတွေ ဒီလိုဖန်တီးထားခဲ့ဖို့ရည်ရွယ်ချက်နဲ့ သူတို့ ဒီလိုတောက်လျှောက်လုပ်ဆောင်နေတာကို တွေ့နေရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

မူဆလင်လူငယ်များအနေဖြင့် အတင်းအဓ္ဓမ စစ်သားစုဆောင်းခံရပါက ရုန်းထွက်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

“မူဆလင်လူငယ်တွေကို ပြောလိုတာက မူဆလင်လူငယ်တွေအနေနဲ့ မလွှဲမရှောင်သာလို့ အတင်းအဓ္ဓမ စစ်သားစုဆောင်းခံရင်တောင်မှ ရတဲ့နည်းလမ်းနဲ့ ရုန်းထွက်ပြီး လွတ်မြောက်တဲ့နေရာ လုံခြုံတဲ့နေရာတွေမှာလာရောက်ခိုလှုံကြဖို့ အကြံပေး တိုက်တွန်းလိုတာရှိပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ရက္ခိုင်ပြည်၌ ရက္ခိုင့်တပ်တော်မှ လွဲ၍ အခြား လက်နက်ကိုင်အဖွဲ့အစည်းမည်သည့် အဖွဲ့မှ ထားမည်မဟုတ်ဟုလည်း ပြောသည်။ စစ်ကောင်စီတပ်များကိုလည်း ရက္ခိုင်ပြည်၌ ရှိနေသရွေ့ ရက္ခိုင်ပြည်က မထွက်ထွက်အောင် တိုက်ခိုက်ချေမှုန်းသွားရန် သံဓိဌာန် ချထားပြီးသားဖြစ်သည်ဟု ဆိုသည်။

ယင်းနည်းအတူ မည်သည့်နိုင်ငံရေးရည်ရွယ်ချက် ဖြင့် မည်သည့် ခေါင်းစဉ်တပ်ပြီး မည်ကဲ့သို့ လက်နက်ကိုင်သည်ဖြစ်စေ ရက္ခိုင်ပြည်နယ်အတွင်း လုပ်ဆောင်လာပါက AA အနေဖြင့် စစ်မြေပြင်၌ တိုက်ခိုက်ချေမှုန်းသွားမည်ဟုဦးခိုင်သုခက ပြောကြားသည်။

စစ်တွေမြို့အနီး သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများနှင့် စစ်ကောင်စီ​၏ ရဲများကို ၂၀၁၈ အတွင်းက တွေ့ရစဉ်။(ဓာတ်ပုံ – EPA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *