တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၁၄ ဦးသေပြီး လက်နက်ခဲယမ်းများရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်း PDFတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၄)ဦးသေပြီး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံကို သိမ်းဆည်းရရှိခဲ့ကြောင်း KPDF ထံမှ သိရသည်။

ဖားကန့်မြို့ တာမခန်ရွာအနီးရှိ စစ်ကောင်စီတပ်၏ မခရ(၁၁၉)တပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စတင်တိုက်ခိုက်ပြီးနောက် မတ်လ(၄)ရက်နေ့တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်သား(၁၄)ဦးကို အသေဖမ်းမိတယ်။ သူတို့ဆီကနေ လက်နက်ကြီး၊ ငါးကြင်းမြှီးတွေအပါ လက်နက်မျိုးစုံရတယ်။ ဖြစ်တာက တာမခန်အဝင်မှာဖြစ်တာ။”ဟု KPDFမှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် မတ်လ(၆)ရက်နေ့တွင် ရဟတ်ယာဉ်(၃)စီးဖြင့် စစ်ကူလာချသွားပြီး ခမရ(၁၁၉)ဘက်သို့ ထပ်မံစစ်ကူလာနေပြီး လက်ရှိ မတ်လ(၇)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဟု ဆိုသည်။

တာမခန်ရွာရှိ တာမခန်ရဲစခန်းနှင့် ခမရ(၁၁၉)တပ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုသိမ်းပိုက်ကာ မီးရှို့လိုက်သဖြင့် မတ်လ(၃)ရက်နေ့တွင် ခမရ(၁၁၉)တပ်က ရွာအတွင်းသို့ ဝင်ရောက်မီးရှို့ရာ နေအိမ်(၆၀)ထက်မနည်း မီးလောင် ဆုံးရှုံးခဲ့သည်။

တာမခန်ကျေးရွာရှိ ခမရ(၁၁၉)တပ်စခန်းကို KIAပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ အတွင်းသို့ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တစ်ပွင့်၊ နှစ်ပွင့်၊ တပ်ကြပ်ကြီးနှင့် နယ်ထိန်းစုစုပေါင်း(၂၄)ဦး သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *