ရခိုင်တွင် အကျအဆုံးများခဲ့သည့် ကျုံပျော်ခလရ-၃၆ တွင် အရာရှိများမှလွဲ၍ အခြားအဆင့်များအသက်အာမခံကြေးထုတ်ယူရန် ငြင်းပယ်ခံရ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ စစ်ကူသွားရောက်ခဲ့စဉ် တပ်ရင်းလိုက်ကျဆုံးခဲ့သည့် ကျုံပျော်မြို့နယ် အခြေစိုက် ခလရ -၃၆ အတွက် အရာရှိအဆင့်မှလွဲ၍ အခြားဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အသက်အာမခံကြေး ထုတ်ယူခွင့်ကို ငြင်းပယ်ခံနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ဧရာဝတီတိုင်းကျုံပျော်မြို့အခြေစိုက် ခလရ-၃၆မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ စစ်ကူရန် သွားရောက်စဉ် ရက္ခိုင့်တပ်တော်(AA) ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံရကာ တပ်ရင်းလိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်။

“ဗိုလ်မှူးတွေဗိုလ်ကြီးတွေဆိုရင် ချက်ခြင်းကို အသက်အာမခံကြေး တန်းထုတ်ပေးတယ်။ အရာရှိတွေဆိုတာနဲ့ ရပြီးသားဖြစ်နေတာ။ အခြားအဆင့် တပ်ကြပ်ကြီးတွေ တပ်သားတွေဆိုရင် သေစာရင်းအတောင်းခံရတယ်။ စာရင်း မရသေးဘူး၊ မရှိဘူးဆိုရင် ပျောက်ဆုံးဆိုပြီးတော့ စာရင်းသွင်းပြီးမထုတ်ပေးဘူးလုပ်ကော။ ရဖို့အတွက်ကမသေချာတော့ဘူးဖြစ်တော့ ကျန်တဲ့မိသားစုအနေနဲ့က အဆင်မပြေဘူး ”ဟု ခလရ-၃၆မှ ကျဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏ မိသားစုဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် အောင်မြင့်မိုရ်မင်း အသက်အာမခံ ကုမ္ပဏီမှ အသက်အာမခံကြေး များကို ထုတ်ပေးရာတွင် ကျဆုံးအရာရှိများကိုသာ ဦးစားပေးဆောင်ရွက်ပေးပြီး အခြားဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အာမခံကြေးမရရှိသည့်အတွက် စုပေါင်းရက်လည်အဖြစ်သာ ပြုလုပ်နေရပြီး တပ်အတွင်းမှနှင်လွှတ်ခံရမှုများ ရှိနေကြောင်း တပ်တွင်းမိသားစုဝင်များထံက သိရသည်။

“အောင်မြင့်မိုရ်မင်းကုမ္ပဏီက အရာရှိပိုင်းမိသားစုဝင်တွေပဲ ဂရက်ဂျူတီရတယ်။အခြားအဆင့်ဆိုတာနဲ့ကို အကြောင်းအမျိုးမျိုးပြပြီးအငြင်းခံနေရတာ။ တကယ်လို့ရလာရင်လည်း အရာရှိပိုင်းတွေလို တခါတည်းမပေးဘူး။ ခွဲပြီးပဲရတယ်။အဲ့တော့ စုပေါင်းရက်လည်ပဲလုပ်ရတယ်။ ပြီးတာနဲ့တပ်ထဲမှာ မထားဘူးဆိုပြီးတော့ ချက်ခြင်းကိုနှင်လွှတ်တာ။မနည်းတောင်းပန်ရတယ်”ဟု တပ်တွင်းမိသားစုဝင်တစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့သို့ အနောက် တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ဧရာ၀တီတိုင်း ကျုံပျော်အခြေစိုက် ခလရ-၃၆ တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်လက်အောက်ခံ အမ်း‌အခြေစိုက် ခမရ-၃၇၃ တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရဟတ်ယာဉ် လေးစင်း ဖြင့် စစ်ကူချထားပေးခဲ့ ခြင်းဖြစ်ပြီး တိုက်ခိုက်ခြင်းပင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ကစဉ့်ကလျား ထွက်ပြေးခဲ့ ကြသည့်အတွက် AA က လိုက်လံ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရမ်းဗြဲသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ရာ သုံး ရက်အတွင်း စစ်ကောင်စီတပ်မှ အင် အား ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီက ခလရ- ၃၆ တပ်ရင်း၏ စစ်ကောင်စီတပ်ဖွဲ့များထံသို့ Y-12 လေယာဉ်ဖြင့် လေကြောင်းမှတဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ခဲ့မှုအပေါ် AA မှ ကြားဖြတ် ရယူနိုင်ခဲ့ကြောင်းလည်း သိရ သည်။

ပုံစာ- ကျုံပျော် ခလရ -၃၆ တပ်ရင်းနှင့် အမ်း ခမရ -၃၇၃ထံသို့ စစ်ကူပို့သည့် လက်နက်များကို ရက္ခိုင့်တပ်တော်(AA)မှရရှိခဲ့စဥ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *