မန္တလေးမြို့ အဝင်အထွက်ကို စောင့်ကြည့်နေတဲ့ စစ်အုပ်စုရဲ့ CCTV အထိုင်ပုံးကို ဖောက်ခွဲဖျက်ဆီး၊

မန္တလေးမြို့ရဲ့ မြို့အဝင်အထွက် နေရာတွေ၊ လမ်းတွေကို စောင့်ကြည့်ဖို့ တပ်ဆင်ထားတဲ့ စစ်အုပ်စုရဲ့ CCTV main server (အထိုင်ပုံး) တချို့ကို ဒီမနက်ပိုင်း ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့တယ်လို့ အောင်စည်တော် မြို့ပြ ပြောက်ကျား တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ မတ်(၇)ရက် မနက်(၈)နာရီမှာ အောင်စည်တော် မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ရွှေတောင်ပံ စစ်ဆင်ရေး အနေနဲ့ မန္တလေး-မတ္တရာ ကားလမ်းပေါ်က ရွှေကျင်ဂိတ် အပါအဝင် မြို့အဝင်အထွက်ကို စောင့်ကြည့်ဖို့ တပ်ဆင်ထားတဲ့ CCTV ကို ထိန်းချုပ်ရာ CCTV အထိုင်ပုံး အပါအဝင် CCTV အထိုင်ပုံးတချို့ကို ဖောက်ခွဲဖျက်ဆီး နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖောက်ခွဖြျက်ဆီးခဲ့တဲ့ CCTV အထိုင်ပုံးတွေအနက် တစ်ခုဟာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနဲ့ ကန်ပတ်လမ်းပေါ်မှာ ရှိပြီး ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ပြန်လည်အသုံးပြုလို့ မရနိုင်တဲ့အထိ ပျက်စီးတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်တာဟာ စစ်အုပ်စုက မန္တလေးမြို့ အဝင်အထွက် နေရာတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးငွေညှစ်တာ၊ တင်းကြပ်စွာ ထိန်းချုပ်ထားတာတွေကြောင့် ဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်စေလိုခြင်း လုံးဝ မရှိဘူးလို့လည်း အောင်စည်တော် မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“စစ်ဆင်ရေးကို ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်လို့ ပြည်သူတွေဘက်က တော်လှန်ရေး ရဲဘော်များကို အချိန်မီ လုပ်ဆောင်ချက်တွေ ပြီးမြောက် အောင်မြင်ဖို့ မြေပြင်သတင်းတွေကို တော်လှန်ရေး သတင်း တင်ပေးနေတဲ့ ကင်းထောက်အဖွဲ့တွေဆီ ပို့ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ အောင်စည်တော် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

တချိန်ထဲမှာပဲ မန္တလေးမြို့အဝင်အထွက်တွေကို စောင့်ကြည့်တဲ့ CCTV အထိုင်ပုံး တစ်ခုကိုလည်း ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် အဲ့ဒီ နေရာမှာ ပြည်သူတချို့ ရှိနေတာကြောင့် မစ်ရှင်ကို ဖျက်သိမ်းခဲ့တယ်လို့လည်း အောင်စစ်တော် မြို့ပြပြော်ကျားတပ်ဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက မန္တလေးမြို့ပေါ်မှာ ဉာဏ်ရည်တု နည်းပညာ အာရုံခံစနစ် (AI)ပါ CCTV တွေ တပ်ဆင်ထားပြီး မန္တလေးစည်ပင်ရုံးထဲက ထိန်းချုပ်စောင့်ကြည့်ရုံး (Control Room) ကတဆင့် တစ်မြို့လုံးကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မန္တလေးမြို့အနှံ့ CCTV တွေ တိုးချဲ့တပ်ဆင်ထားပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ နေရာအနှံ့အပြားမှာ တပ်ဆင်ထားတဲ့ CCTV တွေကတဆင့် တော်လှန်ရေး အင်အားစုတွေကို စောင့်ကြည့် ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နပေမယ့် ဒုစရိုက်မှု ကျူးလွန်သူတွေ ကိုတော့ ဖမ်းဆီးအရေးယူတာ မရှိဘဲ လွှတ်ပေးထားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ အတွင်းက မန္တလေးမြို့ပေါ်က CCTV အထိုင်ပုံးတွေကို မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ဖောက်ခွဲ ဖျက်ဆီးခဲ့စဉ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *