ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ Operation 0307 ကို စတင်

KIO လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ရဲ့ဗျူဟာမြောက် တပ်စခန်းအားလုံးနီးပါး KIA ဝင်ရောက်တိုက်ခိုက်နေ

မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အပါအဝင် နွမ်လန့်(Numlang) ကုန်းလော(Kunglaw)တစ်လျှောက် စစ်ကောင်စီတပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေပြီလို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်ကနေ နွမ်လန့် ခမရ ၄၃၈ ၊ ဒေါ့ဖုန်းယန်(Dawhpum Yang)ခလရ ၁၄၂ ၊ နောင်ကွန်(Nawngkawn Dap)မြောက်တပ်၊ မြို့သစ်တပ်စခန်းနဲ့ ခယာ(Hkaya Bum)၊ ဘွမ်ရေဘွမ့်(Bumre Bum)စတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကိုတပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုအတည်ပြုပြောဆိုပါတယ်။

“ဒေါ့ဖုန်းယန် နဲ့ နွမ်လန့် ၊ မြို့သစ် တစ်လျှောက်ဟုတ်ပြီ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲစနေပြီ။ ဒီမနက် ၅ နာရီလောက်ကနေ တစ်ပြိုင်နက် အကုန်စနေပြီ။ ဒီတိုက်ပွဲက KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်တယ်လို့ မြင်တယ်။ ဒီတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အကုန်သိမ်းပိုက်နိုင်ဖို့ ဆိုပြီးကြာပြီ ပြင်ဆင်နေတာ”လို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက KIO လိုင်ဇာအနီးတဝိုက် တည်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂ ရက်အတွင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်လောက်အထိ စစ်ကောင်စီတပ်စခန်းရှိတဲ့ နေရာတွေအားလုံးမှာ တိုက်ပွဲဆက်လက်ပြင်းထန်းနေပြီးတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ လာက်ရောက်ပျံဝဲတာတွေရှိနေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်အထိ နှစ်ဖက်တပ် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုအခြေအနေနဲ့ စခန်းသိမ်းနိုင်မှု အခြေအနေကို အသေးစိတ်သိရှိဖို့ရန်ခက်ခဲနေဆဲဖြစ်ပါတယ်။

KIA ဝင်ရောက်တိုက်ခိုက်နေတဲ့ ခယာဘွမ့်(Hkaya Bum)၊ ဖွန်းပရန်ဘွမ့်(Hpun Pyen Bum) ၊ အင်းတပ်ဘွမ့်(Ntap Bum) စတဲ့တပ်စခန်းတွေဟာ KIO လိုင်ဇာအနီးတဝိုက် နှစ်ရှည်အခိုင်အမာ တပ်ချနေထိုင်ထားတဲ့ တပ်စခန်းတွေဖြစ်ပြီးတော့ စစ်ကောင်စီအတွက် ဗျူဟာမြောက်တဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ရွှေညောင်ပင် စစ်ကောင်စီတပ် ခမရ ၃၂၁ တပ်စခန်းနဲ့ အောင်မြေ (၁) မှာ ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်စခန်း ၂နေရာကိုလည်း တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ အောင်မြေ (၁)ဒေသခံအမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

“အင်လုန်ခတပ်စခန်းကိုတော့ ရှင်းလိုက်ပြီလို့တော့ကြားတယ်။ သေချာမသိသေးဘူး။ ရွှေညောင်ပင်မှာတော့ ရွာထဲအထိ တိုက်ပွဲဖြစ်နေသေးတယ်။ လက်နက်သံတွေ ဆက်တိုက်ကြားနေရသေးတယ်”လို့ပြောပါတယ်။

KIA တပ်တွေက တစ်ရက်ထဲမှာပဲ မြစ်ကြီးနား – ဗန်းမော်လမ်းကားလမ်းမပေါ် မှာရှိတဲ့ ဝိုင်းမော်နဲ့ ဒေါ့ဖုန်းယန် စတဲ့ မြို့နယ် တစ်ဆက်တည်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရှေ့တန်းစခန်း‌‌ငယ်တွေ သိမ်းပိုက်ရရှိထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူပြော

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမကြီးတစ်ကြော KIO ဌာနချူပ်လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရှေ့တန်းစခန်းငယ်တစ်ချို့ကို သိမ်းပိုက်ရရှိထားကြောင်း KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မတ်လ ၇ ဒီမနက် ၆ နာရီကစပြီး ဝိုင်းမော် ရွှေညောင်ပင် ခလရ ၃၂၁ စစ်တပ်စခန်း၊ နွမ့်လန့် (Numlang)၊ ကုန်းလော (Kunglaw) ဘက်က စစ်တပ်စခန်းတွေနဲ့ ခယာဘွမ် (Hkaya Bum)၊ ဘွမ်ရဲဘွမ် (Bumre Bum) တစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“အဓိက မြစ်ကြီးနား – ဗန်းမော်လမ်းတစ်ကြောက စစ်တပ်စခန်းတွေကို တိုက်နေတယ်။ လုပ်ငန်းဝင်နေတဲ့နေရာတွေကများတယ်။ ဘွမ်ရဲဘွမ်နဲ့ ခယာဘွမ် တပ်ရင်းစခန်းကြီးတွေကိုတော့ မသိမ်းသေးဘူး။ သိမ်းတယ်ဆိုတာက ဘေးအနီးတဝိုက်က စခန်းငယ်တွေကိုပြောတာ။ စခန်းအသေး အသေးလေးတွေ အရမ်းများတယ်လေ။” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဒီမနက် ၆ နာရီလောက်ကစပြီး ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေတာ မနက် ၈ နာရီလောက်အထိတော့ ဘွမ်ရေဘွမ် နဲ့ ခယာဘွမ်တပ်ရင်းကြီးတွေရဲ့ ရှေ့တန်းစခန်းငယ်တချို့ကို သိမ်းပိုက်မီးရှို့ထားနိုင်ပြီဖြစ်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်ဘက်က ရွှေညောင်ပင်ရှေ့တန်းစခန်း ရွှေမင်းပြည်သူ့စစ်အဖွဲ့တပ်ချတဲ့ အောင်မြေ ၁ ပြည်သူ့စစ်စခန်းကိုလည်း KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အခြေအနေရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

“တိုက်ပွဲပြင်းထန်လာရင်တော့ စစ်တပ်က လေကြောင်းတွေအပြင်းအထန်အသုံးပြုလာလိမ့်မယ်။ အားလုံး သတိနဲ့နေရမှာပေါ့။ လက်ရှိချိန်ထိတော့ သတင်းအချက်အလက်တွေ အသေးစိတ်မသိရသေးဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

လက်ရှိ လိုင်ဇာမြို့တွင်းမှာတော့ ပြည်သူတစ်ချို့က ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြပြီလို့ လိုင်ဇာမြို့ဒေသခံဆီကနေ ဆက်လက်သိရပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ခယာဘွမ်၊ ဘွမ်ရဲဘွမ် တပ်စခန်းတွေဟာ လိုင်ဇာမြို့အနီးက စစ်တပ်စခန်းကြီးတွေဖြစ်ပြီး လိုင်ဇာမြို့ဘက် ပုံမှန်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မြစ်ကြီးနား – ဗန်းမော် ကားလမ်းမကြီးတစ်လျှောက်ရှိ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်ရှင်းလင်းဖို့ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။

Video – ဒီကနေ့မနက် သိမ်းပိုက်ရရှိထားတဲ့ လက်နက်ခဲယမ်းများ

စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်

ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်၊ KIA ၏ ထိုးစစ်များ စတင်

ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တပြိုင်နက်တည်းဝင်တိုက်နေကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

“ဒီမနက် ၆ နာရီမှာ ကချင်ပြည်နယ် မီုးမောက် နဲ့ ဝိုင်းမော် မြို့နယ် တွေမှာရှိတဲ့ စစ်တပ်စခန်း၊ တပ်နေရာ ၁၂ ခုကို တစ်ချိန်တည်း၊ တပြိုင်နက်တည်း KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေပါတယ်။ တိုက်ပွဲပြင်းထန် နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ထိုးစစ်ဆင်သော စစ်ကောင်စီတပ်စခန်း နေရာ ၁၂ ခုတွင် လိုင်ဇာအနီးရှိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်း နှင့် အင်လုံခ တပ်စခန်း တို့လည်းပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် လိုင်ဇာအနီးရှိ တပ်စခန်းတစ်ခုကို သိမ်းဆည်းရရှိပြီသည်ဆိုသော ရှေ့တန်းသတင်းတချို့ ရောက်ရှိလာသော်လည်း ဆက်လက် အတည်ပြုရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း အရှင်ဖမ်းဆီးရရှိသည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“လိုင်ဇာအနီးက စခန်းတွေ အကုန်လုံးကို KIA က သိမ်းပိုက်နေပြီ။ ဘွမ်ရေဘွမ်၊ ခရဘွမ်။ ဖွန်ဘန်ဘွမ်။ လိုင်ဇာ ကို လက်နက်ကြီးနဲ့ပစ်တဲ့ စစ်တပ်တောင်ကုန်းစခန်းတွေကိုသိမ်းပိုက်နေပြီ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

တာမခံတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ် နဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေ

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ တာမခံတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုများပေမယ့် တပ်စခန်းလက်မလွတ်ရအောင် ရဟတ်ယာဉ် ၃ စီးနဲ့ စစ်အင်အားထပ်မံလာချသွားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၃ စီးနဲ့ ဖားကန့် ကသိုဏ်းတောင်မှာ စစ်အင်အား ၃၀ ကျော်လာရောက်ချသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကိုပြောပါတယ်။

“မနေ့ည ၄ နာရီလောက်မှာ ရဟတ်ယာဉ် ၃ စီးနဲ့ အင်အားထပ်လာချသွားတယ်။ တစ်စီးကတော့ လူမပါဘူး။ ၂ စီးက လူအင်အားပါတယ်။ အဲ့ဒီလာချသွားတဲ့ အဖွဲ့တွေက ဒီမနက်မှာ တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ထိုးလာတာ ကျနော်တို့နဲ့ ကသိုဏ်းတောင်အဆင်းနားမှာ တိုက်ပွဲပြန်ဖြစ်ကြတာ”လို့ပြောပါတယ်။

မတ်လ ၆ ရက် မနေ့ည လာချသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံဘက်ကို စစ်ရေးလှုပ်ရှားထွက်လာခဲ့ချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီမနက် ၆ နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သူကဆက်ဆိုပါတယ်။

“တိုက်ပွဲပြန်ဖြစ်တဲ့နေရာက ကသိုဏ်းတောင်တာဝါတိုင်နားမှာ ဖြစ်တာ။ အခုက ခဏပြန်ငြိမ်နေကြတယ်။ သူတို့ဘက်ကနေ အင်အားထပ်ဖြည့်တယ်ဆိုတော့ ပြန်ဖြစ်ဖို့ပဲရှိတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ဖားကန့် ဘက်ကနေ တာမခံဘက်ကို စစ်ကူဝင်ရောက်လာကြတဲ့ ခလရ ၄၂ ၊ ခလရ ၁၂ ၊ ခလရ ၇၆ ပူးပေါင်းတပ် စစ်ကြောင်းတစ်ဖွဲ့က တာမခံရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနေရာတွေမှာ တပ်စွဲနေထိုင်ပြီးတော့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတပ်ဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၄ ရက်နေ့မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ရှမ်းနီ SAN တပ်သား စုစုပေါင်း ၅၀ ကျော်သေဆုံးမှုရှိခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိ ကသိုဏ်းတောင်မှာ စစ်အင်အားလာချသွားတဲ့ စစ်ကောင်စီတပ်တွေ ထပ်မံတိုက်ခိုက်ခံရပြီးတော့ ထိခိုက်သေဆုံးမှုအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

တာမခံတိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့ အထိ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပြီး တပ်စခန်းတစ်ခုသာကျန်ရှိနေတဲ့ တာမခံတပ်စခန်းကို KIA ဘက်က အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

တာမခံ တပ်စခန်းဟာ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေရဲ့ စစ်ရေးအရ စစ်ကိုင်းနဲ့ ဟုမ္မလင်းဘက်ကိုပါ ဆက်နွယ်ထားတဲ့ လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က စခန်းလက်မလွတ်ရအောင် လေကြောင်းနဲ့ နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေသလို အင်အားပို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ဖားကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဝှေခါနဲ့ နမ့်တိန့်တပ်စခန်းတွေကို KIA က သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တာမခံတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ မတ်လ ၇ ရက်နေ့မှာလည်း မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ဝိုင်းမော်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ပွဲ ဆင်နွှဲလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ဒေါ့ဖုန်းယန်၊ နွမ်လန့်၊ ကုန်းကော၊ မြို့သစ်၊ ခယာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ အင်တပ့်ဘွမ့် နဲ့ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်နဲ့ အောင်မြေ(၁) အင်လုန်ခ ပြည်သူ့စစ်တပ်စခန်းနေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *