ဖားဆောင်းမြို့မရဲစခန်းနှင့် စစ်တပ်ရှေ့ကင်းအချို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့မရဲစခန်းနှင့် စစ်တပ်ရှေ့ကင်းစခန်းအချို့ကို တော်လှန်ရေးပူးပေါင်း တပ်က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းKNDF ဗဟို သတင်းနှင့်ပြန်ကြားရေး ဌာန မှ သိရသည်။

ယနေ့ (မတ်လ ၈ ရက်)နံနက်ပိုင်း အထိ ဖားဆောင်းမြို့ပေါ်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံတို့၏ မိသားစုဝင်များ တော်လှန်ရေးတပ်ဖွဲ့များရှိရာ နယ်မြေအတွင်းသို့ ထွက်ပြေးလာကြောင်းသိရသည်။

“တိုက်ပွဲအသေးစိတ်ကိုတော့ ကျနော်တို့ထုတ်ပြန်မှပဲပြောလို့ရပါမယ်။ရန်သူရဲ့ ရှေ့ကင်းစခန်းနဲ့ရဲစခန်းကိုတော့ ကျနော်တို့ သိမ်းပိုက်ထားနိုင်ပါတယ်။ဒေသခံပြည်သူတွေက ဖားဆောင်းမှာမရှိတော့ဘူး။ဖားဆောင်းမှာ ရှိနေသေးတာက စစ်ကောင်စီရဲ့ မိသားစုဝင်တွေလောက်ပဲကျန်တာ။တိုက်ပွဲဖြစ်တော့ သူတို့လည်း တော်လှန်ရေးတပ်တွေဆီ ပြေးကြတာပေါ့”ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး ဌာန မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မတ် ၃ ရက်နေ့တွင် စစ်တပ်က ဖားဆောင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ ၅ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရဲစခန်းနဲ့ ရှေ့ပိုင်းကာကင်းတွေကိုသိမ်းထားနိုင်တယ်။သတင်းအတိအကျကတော့ ထုတ်ပြန်ပါလိမ့်မယ်”ဟု ကရင်နီတော်လှန်ရေးရဲဘော်တစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှင့် မီးလောင်‌ ဗုံးတို့ ကြဲချခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း စဉ်ဆက်မပြတ် ပစ်ခတ်ခဲ့ရာ မြို့တွင်းရှိ နေအိမ် အများစုမှာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့သည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည့် ကရင်နီပြည် နယ်၊မယ်စဲ့မြို့နှင့် ကပ်လျက်တည်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *