စစ်ကောင်စီက ရွေးကောက်ပွဲကို နောက်ဆုံးထွက်ပေါက်အဖြစ် အသုံးချရန် ကြိုးပမ်းနေပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ကန့်သတ်ချက်များ ဖြေလျော့

စစ်ကောင်စီက ၎င်းတို့လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံတွင် မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံရေးပါတီများကို ဖိနှိပ်ထားပြီး ရွေးကောက်ပွဲကို နောက်ဆုံးထွက်ပေါက်အဖြစ် အသုံးချရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ကန့်သတ်ချက်များ ဖြေလျော့ပေးလာကြောင်း လေ့လာသူများက ပြောကြားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တချို့ကို မကြာသေးမီက ဖြေလျော့ပေးပြီးနောက် စစ်ကောင်စီ လက်အောက်ခံ UEC သည် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ” ကို မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လုပ်ကိုင်ဆောင်ရွက် ပြဌာန်းခွင့် မရှိသကဲ့သို့ ယင်းဥပဒေသည် နိုင်ငံရေးပါတီများ လက်တွေ့ဆောင်ရွက်ရန် ခက်ခဲသော ကိစ္စရပ်များပါဝင်နေပြီး ကန့်သတ်ချက် အများအပြား ထည့်သွင်း ပြဌာန်းထားသည်ကို တွေ့ရှိရကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

“ဒါကြောင့်မို့ အဲ့ဒီအချက်တွေကို ပြန်လည်ဖြေလျှော့ချင်တာရယ်၊ သူတို့ (စစ်ကောင်စီ)ရဲ့ လုပ်ငန်းယန္တရားမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ပြန်ပြီးမှတ်ပုံ မတင်တဲ့ နိုင်ငံရေးပါတီတွေကို ဖိနှိပ်ချင်တာရယ်ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ဆိုတာကို ထပ်ပြီးတော့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ထံ မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီများကို အလို အလျောက် ပျက်ပြယ်သည်ဟု ထုတ်ပြန်ပြီး ၎င်းတို့၏ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်း မှုရှိပါက ပါတီပိုင်ပစ္စည်းများကို သိမ်းယူသွားမည်ဟုလည်း နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအရ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ရွေးကောက်ပွဲ တစ်ခုအားဖြင့် နိုင်ငံရေးအရ တရားဝင်မှုကို ရယူလိုနေပြီး ယခုထုတ် ပြန်လာသည့်ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ချက်များက သက်သေခံနေကြောင်း တရား လွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။

“ရွေးကောက်ပွဲ လုပ်နိုင်တဲ့ အခြေအနေကသာ နောက်ဆုံးသောနဲ့ တစ်ခုတည်း ထွက် ပေါက်လို့ စစ်ကောင်စီက မှတ်ယူနေပုံ ရပါတယ်။ အကယ်၍များ မကျင်းပနိုင်ဘူးဆိုရင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ စစ်ပုန်ကန်မှုနဲ့ တစ်စုံလုံး ကြိုးစင်တက်ရ တော့မယ် ဆိုတာကိုလည်း စစ်ကောင်စီ ကိုယ်တိုင်က လက်ခံပြီးသား ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးကပြောသည်။

စစ်ခေါင်းဆောင်သည် ၎င်းလက်အောက်ခံ UEC ၊ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံမှုများအပြီးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပါတီ ဝင်အင်အား စည်းရုံးရမည့် ရက်နှင့်ပမာဏ၊ ပါတီရုံးခန်းဖွင့်လှစ်ရမည့် ရက်နှင့်မြို့နယ်၊ ပါတီငွေစာရင်း၊ ပါတီပိုင်ပစ္စည်းများကို သိမ်းယူခြင်းဆိုင်ရာပုဒ်မများ စသည်တို့ကို ပြင်ဆင် ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။

“သူတို့ ဘယ်လိုနည်းလမ်းတွေကို သုံးသည်ဖြစ်စေ၊ ဘယ်နည်းနဲ့မှ တရားမဝင်တဲ့ စစ်အုပ်စုဖြစ်တဲ့အတွက် သူတို့ကျင်းပမယ့် ရွေးကောက်ပွဲဆိုတာကလည်း တရားမဝင် အတု အယောင် ရွေးကောက်ပွဲပဲဖြစ်တယ်။ စစ်အုပ်စုရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင် ရွက်သူ၊ ကူညီပံ့ပိုးပေးသူ ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ဘယ်နိုင်ငံကိုမဆို စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးတွဲတရားခံလို့တောင် ပြောလို့ရတယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

စစ်ကောင်စီသည် လက်ရှိတွင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အဖက်ဖက်မှ အကြပ်တွေ့နေရပြီး ၎င်းတို့၏ တရားဝင်မှု တစ်စုံတရာနှင့် ထွက်ပေါက်ရလိုမှုအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အစွမ်းကုန်ကြိုးပမ်း၍ အချိုးကျစနစ်(PR) အပါအဝင် အခြားဖြေလျော့မှုများဖြင့် မက်လုံးများပေးကာ နိုင်ငံရေးပါတီများကို ဆွဲဆောင်လာ နေခြင်းဖြစ်ကြောင်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *