သင်္ကန်းညီနောင် ခမရ-၃၅၅ ကို KNLA ပူးပေါင်းတပ် သိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၅၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်လိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်တဦးက ပြောသည်။

ပူးပေါင်းတပ်များက ခမရ-၃၅၆ ကိုလည်း သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ပေါင်းစုတို့သည် စစ်ကောင်စီတပ်၏ သင်္ကန်းညီနောင်ဗျူဟာကုန်းအား ကာပေးထားသော ခမရ-၃၅၅၊ ခမရ-၃၅၆ နှင့် ခမရ-၃၅၇ တပ်ရင်းတို့အား မတ် ၇ ရက်မှစတင်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယမန်နေ့ညပိုင်းမှစပြီး ပူးပေါင်းတပ်များသည် ခမရ-၃၅၅ တပ်ရင်းထဲသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ကူပေးခဲ့ကြောင်း၊ မြဝတီမြို့အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ရာ အနီးအနားရှိ ကျေးရွာထဲသို့ ကျရောက်သဖြင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ ရဲဘော်တဦးက “ရဟတ်ယာဉ်ရော၊ ဂျက်ဖိုက်တာရော ဆက်တိုက်လာပစ်နေတာပါ။ မနေ့က နေ့လယ်လောက်ကနေစပြီး ညဘက်အထိရော ဒီနေ့မနက်အထိပါ ဆက်တိုက်လာပစ်နေတာပါ။ ကျနော်တို့တပ်တွေကတော့ ဆက်လက်တိုက်ခိုက်နေပါတယ်” ဟု ပြောသည်။

ပူးပေါင်းတပ်များက သင်္ကန်းညီနောင် နယ်မြေရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီလေတပ်မှ ကြဲသည့် ဗုံးတလုံး သင်္ကန်းညီနောင် ဘိုးဘွားရိပ်သာပေါ် ကျရောက်ခဲ့သဖြင့် ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိထားကြောင်းလည်း ဧရာဝတီသတင်းရင်းမြစ်တဦးက ဆိုသည်။

ဓာတ်ပုံ – ဟိဏ်းထက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *