ကချင်ပြည်နယ် တိုက်ပွဲများတွင် AA က မဟာမိတ်အနေဖြင့် ပူးပေါင်း တိုက်ခိုက်နေသည့် အပြင် သီးသန့်တာဝန်ယူ ထိုးစစ်ဆင်မှုများပါပြုလုပ်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီ တပ်စခန်း များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ ရက္ခိုင့်တပ်တော် (AA) က ပါ၀င် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ မတ် ၇ ရက်နေ့ နံနက် ၆ နာရီက စတင်၍ ကချင်ပြည်နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို KIA က ထိုးစစ်ဆင်၀င်ရောက်တိုက်ခိုက်ရာတွင် AA သည် KIA နှင့် မဟာမိတ်အနေဖြင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာ၀န်ယူ ထိုးစစ် ဆင်တိုက်ခိုက်မှုများလည်း ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ် စခန်းများဖြစ်သည့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်း အပါအ၀င် အခြားသော တပ်စခန်းများ ကိုလည်း တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA ကဆိုသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ-၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်း စခန်းကုန်းနှင့် ဒေါ့ဖုန်းယာန်မြို့နယ်အနီးရှိ ပွိုင့် ၆၁၁ NTAP Bun စခန်းကုန်းကိုပါ AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ စခန်းများမကျစေရေးအတွက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအပြင် လေကြောင်းဖြင့်ပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ရှိ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲ့ပြီး လိုင်ဇာနှင့်ထိစပ်နေသည့် တရုတ်နယ် စပ်ဘက်သို့လည်း လက်နက်ကြီး အချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ တစ်နေ့တည်းတွင်ပင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ရက္ခိုင့်တပ်တော် (AA) ပါ၀င်သည့် တော်လှန်ရေးတပ် ပေါင်းစုက စစ်ကောင်စီ၏ တပ်စခန်း ၉ ခုဖြစ်သည့် မလိ၊ အင်လုံခ၊ ရှဒန်ပါ၊ ဘွမ်ရယ်ဘွမ်၊ ခရာ၊ ဖုန်ပျံဘွမ်၊ တာပိန်မြစ်တံတား စောင့်စခန်း၊ ခလရ-၂၃၇ ကာကင်းစခန်း၊ ဂွယ်ကထောင်ရွာစခန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် တော်လှန်ရေး တပ်ပေါင်းစုများသည် ယနေ့ မတ် ၈ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် လိုင်ဇာမြို့အနီးသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက် မှုများ အပြင်းအထန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ- KIA ၊ PDF နှင့် AA ပါ၀င်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *