ကနီမှာ ရဟတ်ယာဉ်နဲ့ စစ်ကူပို့တဲ့ စစ်အုပ်စုကို ဖြတ်တိုက်ရာ (၁၅)ယောက် သေပြီး တချို့ ဖမ်းမိ

ကနီမြို့ တစ်ပတ်ကြာ တိုက်ပွဲအတွင်း စစ်အုပ်စု ဆယ်ချီ ဖမ်းမိထားပြီး တချို့ လက်နက်ချ၊

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မှာ တိုက်ပွဲ ပြင်းထန်နေချိန် မနေ့က ရဟတ်ယာဉ်နဲ့ စစ်ကူပို့တဲ့ စစ်အုပ်စုနဲ့ ပျူတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၁၅)ယောက် ထက်မနည်း သေပြီး တချို့ကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနေ့က မတ်(၇)ရက် မွန်းလွဲပိုင်းမှာ ပုလဲနယ် အင်မထီးရွာ ပျူစခန်းက စစ်အုပ်စုနဲ့ပျူတွေကို (Mi-17) ထောက်ပို့ ရဟတ်ယာဉ် ကနီမြို့ဘက် လေးကြိမ်အထိ စစ်ကူပို့ခဲ့ပြီး အဲ့ဒီ စစ်အုပ်စုကို တော်လှန်ရေး ပူးပေါင်းတပ်တွေက စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့က ဒီကောင်တွေ ကနီအနောက်ဖက်ကို စစ်ကူ ရောက်လာတဲ့ အချိန် ကျွန်တော်တို့ အဖွဲ့တွေက ဝင်လုံး (တိုက်ခိုက်) လိုက်တာ။ အဲဒီမှာ ဒီကောင်တွေ (၁၅)ယောက်လောက် သေတယ်။ အရှင် ဖမ်းဆီးရမိ တာတွေလည်း ရှိတယ်။ သူတို့ စစ်ကူ လာပို့တာက အင်အား(၇၀) ဝန်းကျင်လောက်ပေါ့။ စစ်သားက နည်းတယ်၊ ပျူတွေက အများဆုံး ပါတာ”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မတ်(၁)ရက် ညပိုင်းက စတင်ပြီး ကနီမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်အုပ်စုက မြို့မကျဖို့ လေကြောင်းပစ်ကူနဲ့ ခုခံနေသလို အထက်ပါအတိုင်း စစ်ကူတွေပါ ထပ်ပို့နေတာလို့ ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေက ကနီမြို့ နေရာအများစုကို ထိန်းချုပ်ထားပြီး စစ်အုပ်စုကတော့ ရွှေစည်းခုံ ဘုရားကုန်း တစ်ခုတည်းပေါ်မှာသာ ကျန်ရှိတော့ကာ အဲ့ဒီကနေ ခုခံနေတာလို့ ဆိုပါတယ်။

“ပြောရရင်တော့ မြို့ရဲ့ (၉၀)ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီပေါ့။ ရွှေစည်းခုံ ဘုရားကုန်း တစ်ခုတည်းပဲ ကျန်တော့တာ။ အဲဒါကလည်း မကြာတော့ပါဘူး။ လက်ရှိမှာ CDM လုပ်ပြီး အလင်းဝင်လာတာတွေ၊ အရှင် ဖမ်းဆီး ရမိတာတွေလည်း အများအပြား ရှိပါတယ်။ သူတို့ကို ကောင်းမွန်စွာနဲ့ ထိန်းသိမ်း စောင့်ရှောက် ထားပါတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်။ အသေးစိတ် ပြောပြလို့ မရသေးပါဘူး” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကနီမြို့ကို သာမက ကနီနယ် ကျေးရွာတွေကိုပါ မတ်(၂)ရက်က စလို့ နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲနေပြီး ဗုံးဒဏ်ကြောင့် ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရရတာတွေ ရှိသလို နေအိမ်တွေနဲ့ လယ်ယာသုံး ခိုင်းနွားတွေပါ သေကြေပျက်စီးမှု ရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်အုပ်စု အထိနာ အသေများသလို တော်လှန်ရေး ရဲဘော်တွေလည်း ထိခိုက် ကျဆုံးမှု ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကနီမြို့သိမ်း တိုက်ပွဲအတွင်း အထိနာတဲ့ စစ်အုပ်စုက စစ်ကူတောင်းခံနေတဲ့ အသံဖိုင်တစ်ခု စစ်အုပ်စု တယ်လီဂရန် ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။

စစ်အုပ်စုက ကနီမြို့ပေါ်ကို လေကြောင်းဗုံးကြဲရာမှာ ပေါင်(၅၀၀)ဗုံးတွေ အသုံးပြုသလို မတ်(၆)ရက် ညပိုင်းကတော့ ဓာတုအဆိပ်ဗုံးတွေပါ အသုံးပြုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မတ်(၆)ရက် ညက ကနီမြို့ပေါ်ကို လေကြောင်းကနေ ဓာတုအဆိပ်ဗုံး ကြဲချလို့ အချို့ မူးဝေတာတွေ၊ အားနည်း တာတွေ၊ အောက်ဆီဂျင် ကျတာတွေ ဖြစ်လိုက်သေးတယ်။ တခြား ထိခိုက်တာတော့ မရှိပါဘူး”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကနီမြို့ပေါ် အပါအဝင် ထူးရွာ၊ တဇယ်ချောင်၊ မင်းကုန်း၊ ညောင်ပင်ဝန်း၊ ငါးပြတ်၊ မုဌော စတဲ့ ကနီမြို့ အနီးတဝိုက် ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင် နေကြရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကနီမြို့ဟာ မြို့ပေါ်ရပ်ကွက် သုံးရက်ကွက်ရှိပြီး လူဦးရေ တစ်သိန်းခွဲဝန်းကျင် နေထိုင်ပါတယ်။

ကနီမြို့ဝင် မုခ်နဲ့ စစ်အုပ်စုက ကနီမြို့ကို လေကြောင်းဗုံးကြဲ၊ မီးရှို့ဖျက်ဆီးနေစဉ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *