KIO ဌာနချုပ် လိုင်ဇာကို ယနေ့ နံနက်ပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု တရုတ်နိုင်ငံသို့ ဗုံး ကျရောက်ပေါက်ကွဲ

ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာသို့ ယနေ့ နံနက်အစောပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချရာ တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲကြောင်း လိုင်ဇာဒေသပြည်သူတချို့ကပြောဆိုသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး KIA နှင့် တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို စတင် တိုက်ခိုက်လာချိန်တွင် စစ်ကောင်စီကလည်း တန်ပြန်အနေဖြင့် လိုင်ဇာ KIO ဌာနချုပ်သို့ လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊

ယမန်နေ့က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ကျည်များမှာ တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊

ယနေ့ နံနက်ပိုင်းတွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲရာတွင် တရုတ်နိုင်ငံဘက်အခြမ်းသို့ ထပ်မံ ကျရောက်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့မနက် လိုင်ဇာမြို့ထဲနဲ့ တရုတ်ဘက်အခြမ်း ကျည်တွေကျတယ်။ မနေ့ညကတည်းက ကျဲနေတာ။ လက်နက်ကြီးတွေရော တိုက်လေယာဉ်တွေနဲ့ရောက် မရပ်မနားပဲ ပစ်ခတ် ဗုံးကျဲနေတာ” ဟု လိုင်ဇာ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လတ်တလော တိုက်ပွဲများဖြစ်ပွားနေသဖြင့် လက်နက်ကြီးကျည်များသည် ပြည်ထောင်စု လမ်းမပေါ်တစ်လုံးကျပေါက်ကွဲခဲ့ကြောင်း၊ မော်ဖောင်းတံတား လည်း ပိတ်လိုက်ရပြီး ခရီးသွားပြည်သူများ ပိတ်မိနေမှုများလည်းရှိကြောင်း သိရှိရသည်။

မတ်လ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရာမှာ တရုတ်ပြည်ဘက်သို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ ပျက်စီးကာ လူသေဆုံးမှု ရှိခဲ့ကြောင်း သိရှိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *