ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ် ပိတ်လိုက်ပြီး ယနေ့ ပြည်တွင်းလေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်း၊ ဗန်းမော်လေဆိပ်လည်း ရက်အကန့်အသတ်မရှိ ပိတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်ကို ယနေ့ ပိတ်သိမ်းလိုက်ပြီး မြစ်ကြီးနားမှ ထွက်ခွာမည့် ပြည်တွင်းလေယာဉ်ခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ခရီးသွားပြည်သူများကပြောဆိုသည်။

“မြစ်ကြီးနားလေဆိပ်ပိတ်လိုက်တယ်။ ဒီမနက် ၁၁ နာရီ ၃၀ မှာထွက်မယ့် မြစ်ကြီးနား-ရန်ကုန် လေယာဉ်ခရီးစဉ်လည်း ဖျက်သိမ်းတယ်။ ပထမ လေယာဉ်နောက်ကျသလိုလိုနဲ့ နောက်မှ လေဆိပ် ပိတ်တယ်လို့ပြောတယ်။ ခရီးသည်တွေတော့ ပြန်လာကြပြီ” ဟု ခရီးသွားလေယာဉ်လက်မှတ် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ညပိုင်း မြစ်ကြီးနားတွင် ပေါက်ကွဲသံများ တောက်လျှောက် ထွက်ပေါ်ခဲ့ပြီး မြစ်ကြီးနား လေ ဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သဖြင့် Mi 17 ရဟတ်ယာဉ်ပျက်စီးပြီး အခြားလေယာဉ်တစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်း ဗန်းမော်လေဆိပ်ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သဖြင့် လေယာဉ်ပြေးလမ်းပျက်စီးကာ လေယာဉ်ခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနားလေဆိပ် ရက်အကန့်အသတ်မရှိပိတ်

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေဆိပ်ကို လုံခြုံရေးမပေးနိုင်တော့တာကြောင့် မြစ်ကြီးနား လေဆိပ်ကို မတ်လ ၉ ရက်နေ့ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ဒေသခံတွေနဲ့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ မြစ်ကြီးနားမှာရှိတဲ့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက လေဆိပ်ကို လုံခြုံရေး ယူပေးနေသူတွေဘက်က လုံခြုံမှုမပေးနိုင်တော့တာကြောင့် ပိတ်လိုက်တာလို့ RFA ကို ပြောပါတယ်။

“လေဆိပ်လုံခြုံရေး ယူပေးတဲ့သူတွေက လုံခြုံရေးမပေးတော့ဘူးတဲ့။ ဆင်းချင်ဆင်း၊ မဆင်းချင် မဆင်းနဲ့ဆိုတော့ ခရီးစဉ်တွေလည်း ပိတ်လိုက်တာတာ။ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ ဘယ်နေ့ ပြန်ဖွင့်မလဲ မသိသေးဘူး”

မြစ်ကြီးနား ဒေသခံတစ်ဦးကလည်း လေဆိပ်ပိတ်လိုက်တာကြောင့် အရေးကြီးခရီးသွားဖို့ ပြင်ဆင်ထားတာတွေ အခက်အခဲဖြစ်နေရပြီလို့ ပြောပါတယ်။

“ဒီနေ့ ရန်ကုန်သွားမယ့် အသိတွေရှိတယ်၊ အခု လေယာဉ်ပိတ်လိုက်တော့ မသွားရတော့။ လေဆိပ်ကို ရှော့တိုက်ဒုံးတွေကျလို့ လုံခြုံရေး အာမမခံတော့ဘူးပေါ့။ တိုက်ပွဲဖြစ်နေတော့ ပြည်သူတွေသွားတဲ့ ခရီးစဉ်ကိုပိတ်ပြီး သူတို့ စစ်တပ်လေယာဉ်တွေအတွက် အသုံးပြုမလို့လားပေါ့ တချို့က အဲလိုလည်း ပြောနေကြတယ်”

ဗန်းမော်လေဆိပ်လည်း လက်နက်ကြီးနဲ့ အပစ်ခံခဲ့ရတာကြောင့် မတ်လ ၇ ရက်နေ့ကတည်းက ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေစဖြစ်တဲ့ မတ်လ ၇ ရက်နေ့မှာပဲ မြစ်ကြီးနားမှာရှိတဲ့ နန့်ပေါင်လေတပ်စခန်းကိုလည်း KIA က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းနဲ့ လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေပြီး သုံးရက်အတွင်း တပ်စခန်းပေါင်း ၁၆ ခု သိမ်းထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *