ချောင်းဆုံကို လောင်းကစားဝိုင်းဖွင့် ဖျက်ဆီးနေသော မွန်ဝန်ကြီးချုပ်နှင့်အပေါင်းအပါတို့အား တော်လှန်ရေးပြီးလျှင် တရားစွဲမည်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့ကို လောင်းကစားဝိုင်းများဖွင့်ကာ ဖျက်ဆီးနေသော စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အပေါင်းအပါတစ်စုအား နွေဦးတော်လှန်ရေးပြီးသည်နှင့် တရားစွဲသွား မည်ဖြစ်ကြောင်း ချောင်းဆုံးမြို့ခံအချို့ထံသိရသည်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၊ ၎င်း၏ညီမဝမ်းကွဲ ခင်ပန်း၊ လက်ရှိ ချောင်းဆုံ မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၊ ချောင်းဆုံစရဖတာဝန်ခံ(စစ် ဘက်ရေးရာလုံခြုံရေး တပ် ဖွဲ့) တပ်ကြပ်ဖြိုးမင်းထွန်း၊ ချောင်းဆုံပြည်ခိုင်ဖြိုးပါတီဥက္ကဌ(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်) မျိုးဝင်း၊ သ က္ကောရွာအုပ်ချုပ်ရေးမှူးစံခင် နှင့် ကုလားဘီရွာအုပ်ချုပ်ရေးမှူး အေးကို တို့သည် ချောင်း ဆုံမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ကာ ကိုယ်ကျိုးရှာနေကြသည့် အဓိကတရားခံများ ဖြစ် ကြောင်း ချောင်းဆုံမြို့သားအချို့က ပြောသည်။

“ဝန်ကြီးချုပ်ဆိုတဲ့ကောင်က ခွင့်ပြုတယ်။သူ့ညီမဝမ်းကွဲမှာ လောင်းကစားကန်ထရိုက်ယူတယ်။ ဝန် ကြီးချုပ်ရဲ့ တပည့်ရင်းဖြစ်တဲ့ စရဖ ဖြိုးမင်းထွန်းက ဇော်နိုင်ဝင်းနဲ့ တွဲပြီး လောင်းကစားဝိုင်းတွေကို တာဝန်ယူကြီးကြပ်ပေးတယ်။ပြီးတော့ မျိုးဝင်း၊ စံခင်၊အေးကို အဓိကတရားခံတွေ။ ဒီကောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့အညီ ပြန်သိမ်းပြီး ချောင်းဆုံဒေသ ဖွံ့ဖြိုးရေးအတွက် ပြန်သုံးရမယ်”ဟု ချောင်းဆုံမြို့၊အနောက်ပိုင်းရပ်ကွက်နေ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဇော်နိုင်ဝင်းမှအပ မွန်ဝန်ကြီးချုပ်အပါအဝင် ကျန်အပေါင်းအပါအားလုံးမှာ ချောင်းဆုံသားများဖြစ်ကြ ပြီး ၎င်းတို့၏ကိုယ်ကျိုးအတွက် ကိုယ့်မွေးရပ်မြေကို ပြန်လည်ဖျက်ဆီးနေသူများဖြစ်ကြောင်း ချောင်း ဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“သူတို့ တခြားနေရာတွေမှာ တိတ်တိတ်ပုန်းဝယ်တာ ဝှက်ထားရင်တော့ မပြောတတ်ဘူး။ ချောင်းဆုံ မှာ အာဏာသိမ်းပြီးနောက်ပိုင်း ခြံတွေဘာတွေ ဝယ်ထားတာ ဘာမှလိမ်လို့မရဘူး။ ဝန်ကြီးချုပ်နဲ့ သူ့ညီမ ခင်ပန်း ကလွဲလို့ ကျန်တဲ့သူတွေရဲ့ ပိုင်ဆိုင်မှုစာရင်းက ချောင်းဆုံရဲစခန်း မှာ အကုန်ရှိတယ်။ အုပ်ချုပ်ရေးအသိုင်းအဝိုင်းလည်း သိကြတယ်။အာဏာသိမ်းပြီးနောက်ပိုင်း ထပ်တိုးလာတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက မတရားသဖြင့် ရလာတာချည်းပဲ။တော်လှန်ရေးပြီးရင် တရားစွဲပြီး ပြန်သိမ်းပဲ”ဟု ၎င်း ကပြောသည်။

ဇော်နိုင်ဝင်း၊ဖြိုးမင်းထွန်းနှင့် မျိုးဝင်းတို့ကို ချောင်းဆုံမြို့၏ ကြီး၃ကြီးဟုခေါ်ကြပြီး ၎င်းတို့ ပြီးလျှင်အ ကုန်ပြီးကြောင်း ချောင်းဆုံမြို့အရှေ့ပိုင်းရပ်ကွက်သူတစ်ဦးကပြောသည်။

“အဲ၃ကောင်စလုံးက ဝန်ကြီးချုပ်တပည့်တွေ။ ဝန်ကြီးချုပ်အားကိုးနဲ့ ချောင်းဆုံမှာ ထင်ရာစိုင်းနေတာ ။ ချောင်းဆုံရဲတွေမှာ ဘာလုပ်ပိုင်ခွင့်မှ သိပ်မရှိဘူး။ရဲတွေလည်း သူတို့ပေးစာကမ်းစာလောက်ပဲ စားနေရတယ်။ အဲဒါကြောင့် ချောင်းဆုံမှာ ရဲတွေနာမည်မထွက်ဘူး။အဲကောင်တွေ အကုန် တစ်ချိန် မှာ ထောင်ထဲထည့်ရမယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကုလားဘီရွာ ရော်ဘာခြံထဲ၌ လောင်းကစားဝိုင်းကို နေ့ရော ညပါ တရားဝင်ဖွင့်လှစ်ထား ကြောင်း ချောင်းဆုံမြို့နယ်၊ခရိုက်သစ်ရွာသားတစ်ဦးကပြောသည်။

“ညဘက် ဇာတ်ပွဲသွင်းတဲ့ရွာရှိတယ်ဆိုရင် အဲရွာက ပွဲမှာ ညဘက် လောင်းကစားဝိုင်းသွားဖွင့်တယ်။ အဲလိုရက်ဆို ကုလားဘီရော်ဘာခြံမှာ ညဘက် ဝိုင်းမရှိဘူး။နေ့ဘက်ပဲရှိတယ်။ ပွဲမရှိတဲ့ညဆို ကုလား ဘီမှာပဲ နေ့ရောညရော လောင်းကစားဝိုင်းရှိတယ်။တခြားမြို့တွေက လက်ကြီး လောင်းကစားသမား တွေလည်း လာကစားကြတယ်” ဟု ၎င်းကပြောသည်။

မွန်ဝန်ကြီးချုပ်အောင်ကြည်သိန်းနှင့် ခင်ပန်းတို့မှာ ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာသားများဖြစ်ပြီး ဇန်နဝါရီ၁၈ရက် ညက ကွမ်ရိုက်ရွာ၌ ဘာသာရေးအကြောင်းပြ ဇာတ်ပွဲ သွင်းရာတွင် လောင်းကစား ဝိုင်းများ ထည့်သွင်းခဲ့သေးသည်။

“စစ်တပ်ခန့်တဲ့ ဝန်ကြီးချုပ်ဆိုတော့ ချီးဘရိန်းလေ။ကျပ်မပြည့်တော့ ကိုယ့်ရွာမှာ လောင်းကစားဝိုင်း လုပ်တာ ကိုယ့်ရွာကို ဖျက်ဆီးတာလားဆိုတဲ့ အသိမျိုးမရှိဘူး။တော်လှန်ရေးပြီးရင် နိုင်ငံခြားထွက် ပြေးမှာမို့ ထင်ရာစိုင်းနေသလားတော့ မပြောတတ်ဘူး။မပြေးနိုင်ရင်လည်း ထောင်သံမံတလင်းပေါ် ခေါင်းအုံးရမှာ”ဟု ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်သူက ပြောသည်။

စရဖတပ်ကြပ် ဖြိုးမင်းထွန်းမှာ ချောင်းဆုံမြို့နယ်၊ဖံဖရွာသားဖြစ်ပြီး ၎င်း၏အဖေ စိန်ထွန်းမှာ လက်ရှိ ဖံဖရွာ အုပ်ချုပ်ရေးမှူးဖြစ်ကာ မျိုးဝင်းမှာ ခလော့ခနိုင်းရွာသားဖြစ်ကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းက ဆိုသည်။

ကုလားဘီရွာ လောင်းကစားဝိုင်းတွင် အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် ကြက်ဝိုင်းတို့ရှိပြီး ချောင်းဆုံ မြို့ အ နီးရှိ မော်လမြိုင်၊ပေါင်၊မုဒုံနှင့်ကျိုက်မရာမြို့တို့က လက်ကြီးလောင်းကစားသမားများပါ လာကစားကြကြောင်းသိရသည်။

လောင်းကစားဝိုင်းများကြောင့် ချောင်းဆုံမြို့နယ်အတွင်း ယခင်ကမရှိခဲ့ဖူးသော ရိုက်လုမှု၊ခိုးမှု စသည့် ရာဇဝတ်မှုများ အဖြစ်များနေသလို လောင်းကစားကြောင့် မိသားစုဘဝပျက်သူလည်း မနည်းလှပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *