နှစ်ပတ်ကြာတိုက်ခိုက်ပြီးနောက် တာမခန်တပ်စခန်း ယနေ့ည KIAပူးပေါင်းတပ် သိမ်းပိုက်

စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများရ၊ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ တာမခန် စစ်ကောင်စီတပ်စခန်းကို ယနေ့ ညပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို KIA/KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၆ရက် ညနေတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ရဲစခန်းကို ယင်းနေ့၌ပင်ရရှိခဲ့သည်။ တပ်စခန်းရရှိရေး ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ကူအကြိမ်ကြိမ်သုံးခုခံခဲ့သည့်အပြင် စစ်ကူတပ်များ စေလွှတ်၍ ကာကွယ်ခဲ့သော်လည်း တိုက်ပွဲ ၁၃ရက်အကြာတွင် စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ညနေ ၆နာရီခွဲ ၇နာရီလောက်အကြားမှာ ရပြီ။ စကစက ထွက်ပြေးသွားတယ်။ လက်နက်တော့ အလက် ၂၀ကျော်ရတယ်တဲ့။ သူတို့ ထွက်ပြေးသွားတယ်ဆိုပေမယ့် ကျနော်တို့ဘက်ကနေ ဝိုင်းထားတာဆိုတော့ ကျနော်တို့ အဖွဲ့နဲ့ တွေ့လို့ရှိရင်တော့ တိုက်ပွဲတွေဖြစ်နိုင်သေးတယ်ပေါ့”ဟု KIAစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တာမခန် ရဲစခန်း သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

တပ်မခန်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က စစ်ကူ အင်အား ၈၀ကျော်စေလွတ်ခဲ့ရာ အဆိုပါ စစ်ကြောင်း တာမခန်သို့ရောက်ရှိပြီး တစ်ရက်ခန့် အကြာတွင် KIA ပူးပေါင်းတပ်၏ ချေမှုန်းခြင်းကိုခံခဲ့ရသည်။ ယင်းစစ်ကြောင်းသည် KIA၏ တိုက်ခိုက်မှုမခံရမီ တာမခန်ရွာကို မီးရှို့ရာ အိမ်ခြေရာချီ မီးလောင်ပျက်စီးခဲ့ရသည်။

လက်ရှိတွင် တာမခန်ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *