လွိုင်ကော်မြို့၏ ရာခိုင်နှုန်း ၆၀ ကို တော်လှန်ရေးတပ်များ စိုးမိုးထား၊ စစ်အုပ်ချုပ်ရေးယန္တရား မရှိတော့ဟုဆို

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၏ ရာခိုင်နှုန်း၆၀ကျော်ကို တော်လှန်ရေးတပ်များက စိုးမိုးထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိတော့ကြောင်း သိရသည်။

လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့ နေ့စဥ် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး လွိုင်ကော်မြို့ပေါ်ရှိ စစ်ဘက်ရေးရာမဟုတ်သည့် Non CDM ဝန်ထမ်းတို့သည်လည်း ရှောင်တိမ်းသွားကြပြီဖြစ်ကြောင်းLoikaw Local PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူတို့ဘက်က တိုးလာလို့ တိုက်ပွဲဖြစ်တာတွေလည်းရှိသလို ကျနော်တို့ဘက်က မစ်ရှင်ဆွဲပြီး တိုက် တာတွေလည်းရှိပါတယ်။ လွိုင်ကော်ကို ၆၀ ရာခိုင်နှုန်းတော့ စိုးမိုးထားနိုင်တယ်။တချို့နေရာတွေကို တော့ သူစိုးမိုးလိုက် ကိုယ်စိုးမိုးလိုက်ပေါ့။ရဲစခန်း၊ကာကင်းတွေကို သိမ်းဆည်းထားတာရှိတယ်။ တပ်ရင်း တွေ ကို တော့ သိမ်းဆည်းထားတာမရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့်လက်နက်ကြီးပစ်ခတ်ခြင်းတို့ကို နေ့စဥ်ဆိုသလို ပြုလုပ်နေရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုများရှိကြောင်း စစ်ကောင်စီတပ်၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၀၀ ခန့် သေဆုံးပြီဖြစ်ကြောင်းသိရသည်။

“ရန်သူဘက်က လေကြောင်းပစ်ကူတာတွေ၊၂၅၀တပ်ကနေ လက်နက်ကြီးပစ်တာတွေကတော့ ပစ်တာတွေများနေတော့ ဘယ်နေရာတွေကျလည်း မမှတ်မိအောင်ပါပဲ” ဟု ၎င်းက ပြောသည်။

မတ်လ၈ရက်တွင် စစ်တပ်ဘက်က ရှေ့တိုးလာသဖြင့် တော်လှန်ရေးတပ်များက ပြန်လည်တိုက်စစ် ဆင်ခဲ့ရာ တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မြို့ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းထားတယ်လို့ ဆိုရမှာဖြစ်တယ်။စစ်ကောင်စီတပ်စွဲခဲ့တဲ့ ရဲစခန်း၊ပြည်နယ်ရဲစခန်းတို့ တက္ကသိုလ်တို့ကိုတော့ သိမ်းထားနိုင်ခဲ့တယ်ပေါ့”ဟု KNDF ဗဟိုပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ၁၁၁၁ စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ဝါရီကောခူ၊ ရေယို၊ ချိကယ် စသည့်စစ်စခန်းတို့အပါအဝင် စစ်စခန်း ၇ ခုကို စစ်ဆင်ရေး ပထမနေ့၌ သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO PDF)၊ Loikaw Local PDF၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆)၊ မြို့ပြပြောက်ကျားတပ် (URF) နှင့် ရှမ်းတောင် PDF တို့ ပါဝင်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *