စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီကနေ့ မတ် ၉ ရက် မနက် ၈ နာရီခန့်က စစ်ကောင်စီဒုဝန်ကြီးခရီးစဉ် လမ်းကြောင်းစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက်၊ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) အနီး ဒု-ဝန်ကြီးလမ်းကြောင်းလုံခြုံရေးယူနေတဲ့ ရွာသစ်ကြီးနယ်မြေရဲစခန်းက ရဲတွေကို လက်နက်ကိုင်အဖွဲ့ တစ်ခုက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
” ဘာ ဒုဝန်ကြီးလာတာလည်းတော့မသိဘူး။ လမ်းကြောင်းလုံခြုံရေးရဲတွေပစ်ခံရတာ။ PDF တွေဘက်က သတင်းရသွားလို့နေမယ်။ လာပစ်တာ ခံလိုက်ရတယ်။ သေဆုံး၊ဒဏ်ရာရတာတွေလည်းရှိတယ်”လို့ စစ်ကိုင်းမြို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့ရဲ့ပစ်ခတ်တာခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦးအပါအဝင် ရဲ ၃ ဦးသေဆုံးကာ ရဲ ၁ ဦးလည်းပျောက်ဆုံးနေပြီး ရဲတွေကိုင်ဆောင်တဲ့ သေနတ် ၃ လက်၊ လက်ပစ်ဗုံး၊ ကျည်တွေနဲ့ကား ၁ စီးကိုပါ လက်နက်ကိုင်အဖွဲ့တွေဘက်က သိမ်ဆည်းသွားတယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ပကဖတာဝန်ရှိသူတဦးက “မနက်က ရဲတွေလိုက်ပါလာတဲ့ (AD Van)အေဒီဗင်ကားပစ်ခံရတာတော့သိရတယ်။ ရဲတွေသေဆုံးတာကော လက်နက်တွေရတာကော ဟုတ်တယ်။
လောလောဆယ်တော့ လုပ်တဲ့အဖွဲ့နဲ့ လက်နက်သိမ်းဆည်းရမိမှုအခြေနေကိုတော့ ပြောရခက်နေသေးတယ်”လို့ ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီစက်မှုဒုဝန်ကြီး လမ်းကြောင်းလုံခြုံရေးစောင့်နေတဲ့ ဒုရဲအုပ် ၂ ဦးအပါ ရဲ ၆ ဦးခန့် ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ် ၃ ဦးသေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီပစ်ခတ်မှုကိုတော့ ဘယ်လက်နက်ကိုင်အဖွဲ့တွေဘက်က ပြုလုပ်သွားတယ်ဆိုတာမသိရသေးဘဲ သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
ပစ်ခတ်မှုတွေဖြစ်သွားလို့ စစ်ကောင်စီဒုဝန်ကြီးခရီးစဉ်ရုတ်သိမ်းကာ ပြည် ထောင်စုတိုင်းရင်းသားလူမျိုးဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ကို မလာရောက်တော့ဘူးလို့ သိရပါတယ်။
ပုံစာ – စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ပုံဟောင်း)။
Leave a Reply