မန္တလေးက ပျူသင်တန်းဆင်းတွေကို တိုက်ပွဲဖြစ်နေတဲ့ သပိတ်ကျင်းနယ်ဘက် ချက်ချင်းပို့

မန္တလေးမြို့မှာ စစ်အုပ်စုက သင်တန်းဆင်းပွဲအပြီး ပျူစောထီးတွေကို တိုက်ပွဲဖြစ်နေတဲ့ သပိတ်ကျင်းနယ်ဘက် ချက်ချင်း ပို့တာ တွေ့ရတယ်လို့ မန္တလေး-မတ္တရာ လမ်းပိုင်းတလျှောက် လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မတ်(၈)ရက် ညနေပိုင်း မန္တလေးမှာ စစ်အုပ်စုက ပျူသင်တန်းဆင်းပွဲ လုပ်ပြီးနောက် ည(၈)နာရီလောက်မှာ အဲ့ဒီပျူတွေကို လေးဘီးကား တစ်စီး၊ ခြောက်ဘီးကား တစ်စီးနဲ့ ဖောကား လေးစီးနဲ့ တင်ကာ တိုက်ပွဲဖြစ်နေတဲ့ သပိတ်ကျင်းနယ်ထဲ ခေါ်သွင်းလာတာလို့ ဆိုပါတယ်။

“တကောင်းဘက်မှာလည်း ပွဲတွေက ဖြစ်နေတော့ မနေ့ (မတ်၈)ညက ကားတွေ တော်တော်သွားတယ်”လို့ မတ္တရာနယ်ခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မတ္တရာနဲ့ စဉ့်ကူးနယ် အပါအဝင် မန္တလေးတိုင်း မြို့နယ်တွေကနေ ပျူအဖွဲ့ဝင်သစ်တွေ စုဆောင်းပြီး မတ္တရာမြို့နယ်၊ တပ်သား စုဆောင်းရေးတပ်က တဆင့် မန္တလေးမြို့ကို ပို့ဆောင်ကာ အများစုကို မန္တလေး တောင်ခြေက စစ်အုပ်စုရဲ့ ခြေလျှင်တပ်ရင်း – ခလရ (၉၅)ထဲမှာ သင်တန်းပေးခဲ့တာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

“(၉၅)တပ်ရင်းကို အကြမ်းဖက် တပ်အဖြစ် လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက ပြောင်းထားတယ်။ သင်တန်းတွေလည်း ပေးထားတယ်။ အခု မြို့ထဲ လှည့်နေတဲ့ အထူး ကွန်မန်ဒိုတွေတောင် အဲဒီမှာ သင်တန်း ပြန်တက်ရတာ။ ပျူစောထီး သင်တန်းတွေနဲ့ တပ်မိသားစုဝင်တွေကို သင်တန်းပေးရင်လည်း ဒီတပ်မှာပဲ ပေးတယ်” လို့ စစ်အုပ်စုနဲ့ နီးစပ်သူက ပြောပါတယ်။

0မတ်(၈) ညနေပိုင်းကလည်း အဲဒီ မန္တလေးတောင်ခြေ ခလရ(၉၅)ကနေ အင်္ကျီစတစ် အဖြူရောင် ဝတ်ပေးထားတဲ့ လူငယ်တွေပါတဲ့ ဖောကားတွေ ပုသိမ်ကြီးမြို့ဘက်ကို ထွက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ စစ်သားသစ် မစုဆောင်းခင် လခ ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ပျူအဖွဲ့ဝင်သစ်တွေ စုဆောင်းကာ ပျူအင်အား တိုးချဲ့နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမှာ ပျူသင်တန်းဆင်းပွဲတွေ လုပ်ပြီးတိုင်း အဲ့ဒီ သင်တန်းဆင်း ပျူတွေထဲက တချို့တဝက်နဲ့ မန္တလေးမြို့အနှံ့ ရပ်ကွက်ရုံးတွေ၊ လမ်းတွေမှာ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေထဲက တချို့ကို ထုတ်နှုတ်ပြီး တိုက်ပွဲဖြစ်တဲ့ ဒေသတွေဆီ ပိုလွှတ်လေ့ ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကလည်း မန္တလေးမြို့ပေါ်က ဂိတ်အစောင့်နေရာတွေမှာ ပျူတွေနဲ့ အစားထိုးပြီး အဲ့ဒီ ဂိတ်အစောင့် တာဝန်ကျ စစ်အုပ်စုကို မေမြို့နဲ့ ရှမ်းမြောက်ဒေသဘက် စစ်ကူပို့လွှတ်ခဲ့ပါတယ်။

မန္တလေးမှာ စစ်အုပ်စုက လစာနဲ့ ရိက္ခာပေးမယ်လို့ စည်းရုံးကာ စုဆောင်းထားတဲ့ ပျူအဖွဲ့ဝင်သစ်တွေကို သင်တန်းပေးနေမှုနဲ့ ပျူသင်တန်းဆင်းပွဲ/Phto – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *