AA နဲ့အတူ အတွေ့အကြုံယူ တိုက်ပွဲဝင်ခဲ့ဟု GZ တပ်တော် ထုတ်ပြန် (ရုပ်သံ)

စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု G Z Special Task Force – Wetlet ကနေ Generation Z Army အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ GZ တပ်တော် က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် – AA နဲ့အတူ စစ်ပွဲ အတွေ့အကြုံယူ ပါဝင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၇)ရက်နဲ့(၈)ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးမှာ စစ်အုပ်စု ရေယာဉ်တွေကို AA က တိုက်ခိုက်နှစ်မြှုပ်ခဲ့ရာမှာ Generation Z Army – GZတပ်တော် က ရဲဘော်တွေလည်း ပါဝင် တိုက်ခိုက်ခဲ့ကာ စစ်ပညာသင်ယူခွင့်နဲ့ တိုက်ပွဲအတွေ့အကြုံတွေ ရယူနိုင်ခဲ့ပြီး အဲ့ဒီလို အတွေ့အကြုံ ယူခွင့်ပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်တယ်လို့ GZ တပ်တော်က ဆိုပါတယ်။

“ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီးတွင် ရက္ခိုင့် တပ်တော်မှ ရဲဝံ့ ပြတ်သားစွာ တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီးနှင့် ဇက်သင်္ဘော တစ်စီးတို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

၎င်းနောက် ကျောက်တော်မြို့ အခြေစိုက် စစ်ကောင်စီ၏ တပ်မဌာနချုပ် စကခ(၉)၊ (ခြေမြန်တပ်ရင်း) ခမရ(၃၇၄)၊ ခမရ(၃၇၅)၊ ခမရ(၃၇၆)တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ကမ္ဘာသိ သတင်းတစ်ပုဒ်အဖြစ် သိရှိခဲ့ကြပြီး ဖြစ်ပါသည်။

အထက်ပါ ရက္ခိုင့်တပ်တော်၏ စစ်ရေးအောင်မြင်မှု၊ ထိုးစစ်များ နှင့် ကမ္ဘာသိ သတင်းများအတွင်းတွင် မိမိတို့ Generation Z Army (GZတပ်တော်)မှ စစ်ပညာသင်ယူခွင့်၊ တိုက်ပွဲ အတွေ့အကြုံများကို ရယူနိုင်ခဲ့သည်မှာ မိမိတို့ ကဲ့သို့သော သေးငယ်သော အဖွဲ့အစည်းများ အတွက် တန်ဖိုးဖြတ် မရသည့် အတွေ့အကြုံ ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ အတွေ့အကြုံ ရရှိစေရန် အခွင့်အရေးပေးခဲ့သော အဖွဲ့အစည်းကို ကျေးဇူးတင်ရှိပါသည်။

ထို့အပြင် မိမိတို့ ရရှိခဲ့သော တိုက်ပွဲ၊ တော်လှန်ရေး အတွေ့အကြုံများကို မိမိတို့ အဖွဲ့အစည်းအတွင်း လက်ဆင့်ကမ်း မျှဝေရင်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပို၍ ပို၍ ပါဝင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်” လို့ GZ တပ်တော်က ဖော်ပြပါတယ်။

GZတပ်တော် ဟာ ဘယ်အဖွဲ့အစည်း လက်အောက်မှာမှ မပါဝင်ဘဲ သီးခြားရပ်တည်နေပြီး မြန်မာ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ဖို့၊ မြန်မာတပြည်လုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး လူသား တစ်ဦးချင်းစီ အလိုက် မွေးရာပါ အခွင့်အရေးတွေ အပြည့်အဝ ခံစားရရှိစေဖို့ ရည်ရွယ်ကာ ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ GZ တပ်တော် သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

ယခင်က ဒေသအခြေပြု အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ပေမယ့် လက်ရှိမှာတော့ Generation Z လို့ ခေါ်တဲ့ မျိုးဆက်သစ် လူငယ်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတာလို့လည်း GZ တပ်တော်က ပြောပါတယ်။

ရခိုင်ပြည် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ GZ တပ်တော်ရဲ့ တော်လှန်ရေး ရဲဘော်တွေ ဘေးအန္တရာယ် ကင်းပြီး အောင်မြင်စွာ ပါဝင်တိုက်ခိုက်နိုင်ခဲ့ကြောင်းနဲ့ အတွေ့အကြုံယူခွင့်ပေးတဲ့ ရက္ခိုင့်တပ်တော် – AA ကို ကျေးဇူးတင်ကြောင်း GZ တပ်တော်က ပြောပါတယ်။

တခြားသော မဟာမိတ် အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ကာ စစ်ရေး အတွေ့အကြုံယူတာ၊ တိုက်ပွဲဝင်နေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

GZ တပ်တော် အနေနဲ့ စစ်အာဏာရှင်ကို အမြတ်ဖြတ် တိုက်ထုတ်နိုင်ရေး စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိတဲ့ တပ်တော် တစ်ခုဖြစ်လာဖို့ ကြိုးစားကာ ဖွဲ့စည်းတည်ဆောက်နေပြီး တခြားသော တော်လှန်ရေး တပ်တွေ အနေနဲ့လည်း စစ်တပ်ကို စစ်တပ်နဲ့တူအောင် တည်ဆောက်ကြဖို့ လိုမယ်လို့ GZ တပ်တော် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက အကြုံပြုပါတယ်။

မကွေးတိုင်း ယောဒေသ အခြေပြု ယောကာကွယ်ရေးတပ် – YDF နဲ့ ချင်းပြည် အခြေပြု Maraland Defense Force (MDF) တပ်တွေဟာလည်း ရက္ခိုင့်တပ်တော် – AA နဲ့အတူ ရခိုင်ပြည် တိုက်ပွဲတွေမှာ စစ်ရေး အတွေ့အကြုံယူ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီ တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *