ဖားကန့်၊ ကသိုင်းတောင်မှ ဆင်းလာ​သော စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်သားများကိုလည်း အရှင်ဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်မှ ဆင်းလာသော ကား ၅ စီးပါ စစ်ယာဉ်တန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကား ၁ စီးပျက်သွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်တွင်ရှိသော စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ယင်းနောက် ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် ကား ၅ စီးပါသော စစ်ယာဉ်တန်းကို နမ့်မှော်ကျေးရွာအနီးတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီးပျက်စီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ ကျန် စစ်ကား ၄ စီးကိုလည်း KIA တပ်များက လိုက်လံ တိုက်ခိုက်လျက်ရှိ ကြောင်း သိရှိရသည်။

“ဒီမနက် ၃ နာရီခွဲမှာ ဖားကန့်ကသိုင်းတောင်ကနေ ဆင်းလာတဲ့ စစ်ကား ၅ စီးကို နမ့်မှော်ကျေးရွာနားမှာ KIA က ကြားဖြတ်တိုက်ခိုက်တယ်။ အဲဒီမှာ စစ်ကား ၁ စီးပျက်စီးတယ်။ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေ သိမ်းပိုက်ရရှိတယ်။ သေနတ်တွေလည်းရတယ်။ အရှင်ဖမ်းမိတာလည်းရှိတယ်။ ကျန်တဲ့ စစ်ကား ၄ စီးကိုလည်း လိုက်ပြီးရှင်းလင်းနေတုန်းပဲ”ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ညနေပိုင်း ကသိုင်းတောင်တိုက်ပွဲတွင် ဖားကန့်စစ်တပ် ဗျူဟာကုန်းက ကသိုင်းတောင်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ကူပေးရာ အဆိုပါ လက်နက်ကြီးကျည်သည် နမ့်မှော်ကျေးရွာအတွင်းသို့ ကျရောက်ပြီး ပွင့်ထူးစံကုမ္ပဏီ ဝန်ထမ်း ၂ ဦး၊ ကျေးရွာအတွင်းမှ ပြည်သူ ၂ ဦး စုစုပေါင်း ၄ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင်လည်း ရဲစခန်းနှင့် တပ်စခန်းတချို့ကို ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဆိုင်းတောင်ရဲစခန်းကို ပစ်တာထင်တယ်။ ဒရုန်းနဲ့လည်း ဗုံးကျဲပုံရတယ်။ ပစ်ခတ်သံတွေ ကြားရတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *