မုံရွာမြို့နယ်ရှိ ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်းနှင့် ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

မုံရွာမြို့နယ်ရှိ ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်းနှင့် ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ဝမ်းတွင်းမြို့နယ်တွင် စစ်သား ၁ ဦး ပစ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်းနှင့် ချောင်းဦးမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၂ ရက်နေ့တွင် မြောက်ဆုံကုန်းကျေးရွာကို ထပ်မံ ဝင်ရောက်ခဲ့ပြီး မီးရှို့နေစဉ် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)- စစ်​​ဒေသ ၂ ရဲဘော်များ နှင့် မဟာမိတ်များ ပူးပေါင်းပြီး ရွာအတွင်း ဝင်ရောက်ကာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များကို တော်လှန်ရေး တပ်ဖွဲ့များက မီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မုံရွာမြို့အရှေ့မြောက်ခြမ်းရှိ ရွာများကို စစ်တပ်က ပစ်မှတ်ထား မီးရှို့နေသည်မှာ ၁၀ ရက်ကျော် ကြာနေပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ချောင်းဦးမြို့တောင်ဘက်၌ ကင်းပတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နံနက် ၈ နာရီ ၄ဝ မိနစ်ခန့်တွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ချောင်းဦးအ‌ခြေစိုက် အညာမိုင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်မြို့နယ်တွင် မယားငယ် အိမ်လာသည့် စစ်သား ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ-ဝမ်းတွင်း လမ်းပိုင်းရှိ ကျင်းရွာရှိ မယားငယ်ဆီကို မကြာခဏ လာလေ့ရှိသည့် မိတ္ထီလာ တပ်မ ၉၉ မှ တပ်သား သန့်ဇင်ထွေး(ခ)ကိုထွေးသည် ကျင်းရွာမှ ပြန်လာစဉ် WTRF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ရင်ဘတ်နှင့် နောက်ကျောကို သေနတ်ကျည် ထိမှန်ခဲ့ကြောင်းသိရသည်။

သေနတ်ကျည် ထိမှန်ခဲ့သော ဒဏ်ရာများဖြင့် သန့်ဇင်ထွေးသည် ဆိုင်ကယ် ဆက်လက် စီးနင်းလာသော်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေရာမှ မီတာ ၂၀၀ ခန့်အကွာတွင် လဲကျသေဆုံးခဲ့ကြောင်း သိရှိရသည်။

“သူက အရင်ကျင်းရွာမှာ တပ်စွဲသောင်းကျန်းတုန်းက စစ်တပ်က စစ်သား အခု အဲ့တပ်စွဲထားတဲ့ တပ်ကမရှိတော့ဘူး။ ခုက ကျင်းရွာက မိန်းကလေးကိုတွေ့ပြီးအပြန်လာမှာစောင့်ကြိုပစ်ခတ်တာပါ” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပြည်သူများသည် အခင်းဖြစ်ရာ နေရာကို ဖြတ်သန်း သွားလာနေသောကြောင့် WTRF မှ ရဲဘော်များ အနေဖြင့် သေဆုံးသွားသော စစ်ကောင်စီ တပ်သားထံမှ သက်သေခံ ပစ္စည်းများ ယူဆောင်နိုင်ခြင်းမရှိကြောင်း၊ ပြည်သူများအနေဖြင့် တော်လှန်ရေးအသိ တော်လှန်ရေးသတိဖြင့် ပူးပေါင်း ပါဝင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးမှ ဆက်လက်ပြောဆိုသည်။

၁၀.၀၃.၂၀၂၄ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ-ဝမ်းတွင်းလမ်းမ ပေါ်ရှိ၊ ပြည့်ဝ ဘုရားတံတား အနောက်ဘက်အနီးတွင်၊ မိတ္ထီလာမှာမယားကြီးရှိလျက်နှင့် ကျင်းရွာရှိမယားငယ်ဆီသို့ အမြဲမကြာခဏလာသောမိတ္ထီလာတပ်မ၉၉မှ တပ်သားသန့်ဇင်ထွေး(ခ)ကိုထွေးအား ကျင်းရွာမှအပြန်တွင် WTRF အဖွဲ့မှ ရင်ဘတ်သို့ နှစ်ချက်၊ နောက်ကျောနှစ်ချက် ထိမှန်အောင်ပစ်ခတ်သုတ်သင်ရှင်းလင်းလိုက်သည်။

ပစ်ခတ်အပြီး သေနတ်ဒဏ်ရာများဖြင့် စီးလာသော ရှဲဒိုးဆိုင်ကယ်ဖြင့် ဆက်လက်အပြင်းမောင်းနှင်ထွက်ပြေးသွားသော ထိုစစ်ခွေးသည် အခင်းဖြစ်ရာနေရာနှင့်မီတာနှစ်ရာခန့်အကွာသို့အရောက်တွင် အနောက်တောင်အရပ်သို့ခေါင်းပြုလျက် ငရဲပြည်သို့ဆင်းသွားသည်။

ယနေ့ပစ်ခတ်နေစဉ်နှင့် ပစ်ခတ်မူ့အပြီးတွင် အနီးနားသွားလာနေသောပြည်သူများဟာ အခင်းဖြစ်ရာနေရာသို့ သတိလက်လွတ်ဖြတ်သန်းသွားလာနေသဖြင့် ကျွန်တော်တို့ WTRF ရဲဘော်များအနေဖြင့် ထိုစစ်ခွေးဆီမှ မည်သည့် သက်သေခံပစ္စည်းမျှ မယူနိုင်ခဲ့ပါ။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဒီထက်ပိုပြီး တော်လှန်ရေးအသိ တော်လှန်ရေးသတိ ဖြင့် ပူးပေါင်းပါဝင်ပေးကြရန် အထူးမေတ္တာရပ်ခံပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *