တောင်တွင်းကြီးမြို့မှ အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်နှင့် ဓနုဖြူမြို့မှ အသက် ၂၃ နှစ်အရွယ် ကိုဝင်းထက်နိုင်ကို စစ်တပ်က အိမ်ပေါ်အထိ တက်ဖမ်း​ပြီး တပ်သားသစ်များအဖြစ် စုဆောင်း

စစ်မှုမထမ်းမနေရ ဥပဒေအရ တပ်သားသစ်များကို အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ခွင့်ရှိဟု စစ်တပ်က အခိုင်အမာပြောဆို၊

တစ်နိုင်ငံလုံးတွင် တပ်သားသစ်စုဆောင်းမှု အခြေအနေ ဆိုးဝါးနေ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်တပ်က စစ်မှုထမ်းဥပဒေအရ တပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိဘဆွေမျိုးများက ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ညပိုင်းတွင် တောင်တွင်းမြို့မှ ဦးသန့်ဇင်ဦးနှင့် မိခင် ဒေါ်အေးအေးနွယ်တို့၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေအရ လူငယ်များကို တပ်သားသစ်အဖြစ် ခေါ်ဆောင်ရမည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မောင်အောင်သက်ပိုင်တို့၏ မိသားစုတွင် အသက် ပြည့်မီသော လူငယ် ၂ ဦး ကျန်ရှိနေသေးသည့်အတွက် မိဘများမှာ ကျန်ရှိသော သားသမီး ၂ ဦးကို ခေါ်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရသည်။

“စစ်တပ်က အိမ်ထဲကို ဝင်ဆွဲတော့ အသက်၁၃ နှစ်သားလေးပဲရှိတာကို ခေါ်သွားတယ်။ ကျန်တဲ့ ကလေး ၂ ဦးက အိမ်မှာမရှိတော့ မပါသွားဘူး။ အဲဒါ မိဘတွေကလည်း နောက်ထပ် ကလေး ၂ ဦးကိုပါ လာဆွဲမှာ စိုးရိမ်လို့ ထွက်ပြေး တိမ်းရှောင်နေကြတယ်” ဟု ဆွေမျိုးတစ်ဦးက ဆိုသည်။

အလားတူ ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်တွင်လည်း အသက် ၂၃ နှစ်အရွယ် ကိုဝင်းထက်နိုင်ကို စစ်တပ်က အိမ်တိုင်ရာရောက် ဝင်ရောက် ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် ဓနုဖြူမြို့မှ ခမရ ၁၀၈ တပ်က ဓနုဖြူမြို့အတွင်းတွင် လူငယ်များကို လိုက်လံ ဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးရာတွင် ကိုဝင်းထက်နိုင် အပါအဝင် လူငယ် ၂၅ ဦးထက်မနည်းကို ဖမ်းဆီးပြီး ခမရ ၁၀၈ တပ်ဝင်းထဲတွင် စစ်သင်တန်းတက်ခိုင်းနေကြောင်း သိရှိရသည်။

“ဥပဒေအရ လုပ်တာလို့ ပြောတယ်။ တပ်အနေနဲ့ ဘယ်သူ့ကိုမဆို စစ်မှုထမ်းဖို့ ခေါ်လို့ရတယ်ပြောတယ်။ ဓနုဖြူမြို့မှာတော့ မတ်လ ၈ ရက်နေ့က လူငယ် ၂၅ ဦးထက်မနည်းပဲ။ ပိုများနိုင်တယ်။ ကျနော်တို့ နဲ့ နီးစပ်လို့ သိတာကမှ ၂၅ ဦးပေါ့နော်” ဟု ဓနုဖြူမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

လတ်တလော ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတွင် စစ်တပ်က စစ်မှုထမ်း စာရင်းများ မဖြစ်မနေ ကောက်ခံနေပြီး စစ်တပ်မှ အရာရှိများက စစ်မှုထမ်းဥပဒေအရ လူငယ်တိုင်း စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရာတွင်လည်း တပ်က အိမ်တိုင်ရာရောက် လာရောက် ခေါ်ဆောင်မည်ဖြစ်ပြီး အိမ်တွင် စစ်မှုထမ်းရမည့်သူမရှိလျှင် အစားထိုး တစ်ဦး မဖြစ်မနေ လိုက်ပါရမည်ဟု အသိပေး​ ပြောဆိုလာကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းကမူ စစ်မှုထမ်းရမည့်သူများကို ဆင့်ခေါ်စာ ပေးပို့ပြီး ဆေးစစ်ခြင်းအပါအဝင် လုပ်ငန်းစဉ်များဖြင့် ခေါ်ယူမည်ဟု ပြောဆိုသော်လည်း လက်တွေ့ မြေပြင်တွင် စစ်တပ်က နေအိမ်များအပေါ်အထိတက်၍ ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လာမည့်ဧပြီလကုန်မှစတင်ပြီး တစ်လလျှင် လူငယ် ၅၀၀၀ ဦးကို စစ်သားအဖြစ် စစ်မှုထမ်းခိုင်းမည်ဟု အကြမ်း ဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *