သပိတ်ကျင်းမြို့နယ် သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အလောင်း ၁၄ လောင်းရ

သေနတ် ၁၈ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်း ၁၄ လောင်းရရှိပြီး သေနတ်(၁၈)လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသရုံးက ယနေ့ (မတ်လ ၁၂ရက်) ညဦးပိုင်းတွင် ထုတ်ပြန်ခြင်းဖြစ်ပြီး မတ်လ ၅ရက်‌မှ မတ်လ ၇ရက်‌အထိ ဖြစ်ပွားခဲ့သော သပိတ်ကျင်းမြို့နယ်တိုက်ပွဲ၏ ရလာဒ်ဖြစ်သည်။

သပိတ်ကျင်းမြို့နယ်ရှိ မတောင်ရွာ၊ မန်ကျည်းကုန်းရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာများသို့ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး ရဲခေါင် ဦးစီးသော တတက-၁၃မှ အင်အား ၉၅ဦးပါ စစ်ကြောင်း(၁)သည် တကောင်းမြို့မှ ချီတက်လာပြီး ဗိုလ်ကြီးထိန်လင်း ဦးစီးသော တတက-၁၃မှ အင်အား ၇၀ပါ စစ်ကြောင်း(၂)သည် လက်ပံကုန်းကျေးရွာမှ ချီတက်လာခဲ့သည်။

ထိုသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်း (၂)ခုအား အထူးလှုပ်ရှားတပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က သုံးရက်​ကြာ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အလောင်း ၁၄ လောင်း၊ လက်နက်ငယ် (၁၈)လက်၊ ကျည်မျိုးစုံ ၄၂၀၀ ကျော်၊ ဗုံးသီးမျိုးစုံ ၃၀ကျော်၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

မတ်လ ၇ရက်တွင် စစ်ကောင်စီဘက်က လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံ အသိပေးသည်။

“တိုက်ပွဲမရှိတော့ပါဘူး။ စစ်ကြောင်းဆုတ်သွားပါတယ်။”ဟု သပိတ်ကျင်း ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲများပြင်းထန်ခဲ့၍ စဥ့်ကူး-သပိတ်ကျင်း-တကောင်းလမ်းပိုင်းအား လက်ရှိအချိန်ထိ ယာယီပိတ်ထားသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ်(၁)စစ်ဒေသရုံး)


Comments

Leave a Reply

Your email address will not be published. Required fields are marked *