နယ်ခြားစောင့်ရဲ ၃၀ နီးပါး ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးပြန်

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းကို ထပ်မံထွက်ပြေး ခိုလှုံခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အ​​ခြေစိုက် Dhaka Tribune သတင်းဌာနက​ဖော်ပြပါတယ်။

အက်ရှ်ဟာတာလီ နယ်စပ်ကနေတဆင့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂၉ ဦးထက်မနည်းဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGB)ဆီ ခိုလှုံခဲ့တယ်လို့ BGBရဲ့ ပြန်ကြားရေး အရာရှိ ရှာရီဖူ အစ္စလာမ်က မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

BGBရဲ့ တခြား အမည်ဖော်မပြလိုတဲ့ အရာရှိ တစ်ဦးကတော့ မြန်မာဖက်က ခိုလှုံလာတဲ့ နယ်ခြားစောင့် တပ်သားတွေကို ညူရဲလ်အလမ် ကုမ္ပဏီပိုင် လက်ဖက်စိုက်ခင်းထဲမှာ ယာယီ နေရာချထားပေးပြီး ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ မြန်မာ နယ်ခြားစောင့် ရဲတွေဟာ ရိက္ခာပြတ်လပ်မှုနဲ့ တခြား အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် ​ဖေ​ဖော်ဝါရီလဆန်းက ​မောင်​တောမြို့နယ်၊​တောင်ပြို လက်ဝဲလက်ယာစစ်တပ် စခန်း​တွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တုန်းကလည်း နယ်ခြားစောင့် ရဲတွေ အပါအဝင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ အမျိုးမျိုးရဲ့ အင်အား ၃၀၀ ကျော်လောက်ထိ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ထွက်ပြေး ခိုလှုံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ အဲဒီ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက်ခြမ်းဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

AA ကအခုအခါ ပလက်ဝ​ဒေသတစ်ခုလုံးအပြင် ​မြောက်ဦး၊​ကျောက်​တော်၊မင်းပြား၊​ပေါက်​တော၊ ​မြေပုံ၊ ပုဏ္ဏားကျွန်းမြို့နယ်​တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ​မောင်​တော၊​ရ​သေ့​တောင် ၊ဘူသီး​တောင်၊ ရမ်းဗြဲ​မြို့​တွေကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။

မြန်မာနိုင်ငံ အနောက်ဖက်စွန်းမှာ ရက္ခိုင့်တပ်တော် (AA)ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြန်မာဖက်ခြမ်း နယ်စပ်က လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဒဏ်ကို ဘင်္ဂလားဒေ့ရှ်မှာလည်း သက်ရောက် ခံစားခဲ့ရပြီး မော်တာကျည် ကျရောက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ဖူးပြီး လမ်းချော်လာတဲ့ ကျည်ဆန်တွေ ထိမှန်လို့ ဒါဇင်နဲ့ချီ ထိခိုက် ဒဏ်ရာရတာတွေ ကြုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ပေါင်းစုံရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေ ပိုမို အားကောင်းလာတာနဲ့အမျှ အာဏာသိမ်း စစ်တပ်ဟာ မြို့ရွာ အတော်များများ၊ အထူးသဖြင့် နယ်စပ်ဧရိယာတွေကို ထိန်းချုပ်ခွင့်တွေ ဆက်တိုက် ဆုံးရှုံးလာနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *