ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီးပြော ထွက်ပြေးလာသူများကို ထိန်းသိမ်း ကျွေးမွေးထား (ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ဆွေးနွေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က ယမန်နေ့တွင် ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ပြေးဝင်လာပြီးနောက် အရပ်သားတချို့က ဝင်ရောက်ရန်ကြိုးပမ်းကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်က အဝင်မခံဘဲ ပြန်လည် နှင်ထုတ်လိုက်ကြောင်း ၎င်းက ဆိုသည်။

” စုစုပေါင်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦး ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်လာပါတယ်။ သူတို့ကို အရင်လိုပဲ ပြန်ပို့ဖို့ ကျနော်တို့ လုပ်နေပါပြီ။ အခြားအရပ် သားတွေလည်း ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ဖို့ ကြိုးစားကြတာကိုတော့ ကျနော်တို့ ပြန်နှင်ထုတ်လိုက်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံ ပြန်ပို့ရေး မြန်မာစစ်တပ်နှင့် ထိတွေ့ ဆက်ဆံနေကြောင်း၊ လိုအပ်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်မည်ဖြစ်ကြောင်း ၊ ၎င်းက ရှင်းပြသည်။

ဖေဖော်ဝါရီလအတွင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးဝင်ရောက်လာ၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ထပ်မံ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *