အောင်လံ၊ ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင် ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်စဉ် ဝင်ရောက် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ်ခတ်သူများကို ဝင်ရောက် နပန်းလုံးသည့် ဘုန်းကြီးလည်း သေဆုံး

မကွေးတိုင်း အောင်လံမြို့နယ် ဒါးစမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူး နိုင်ဝင်း အောင် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန် နေအိမ်မနေဘဲ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသော အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ နေရာတွင်ပင် ရရှိသောသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

“အုပ်ကြီးက ၂၀၂၁ မေလလောက်ကလည်းဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရ လို့ ပြည်ဆေးရုံတက်ပြီးကုရပါသေးတယ်။ နောက်တစ်ခါ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း ဝင်ပစ်သေးတယ်။ ထွက်ပြေးလွတ်မြောက်သွားတာ။ အခုတစ်ခေါက်မှ သေတာ။ “ဟု ဒေသပြည်သူတစ်ဦးကပြောကြားသည်။

ပစ်ခတ်ရှင်းလင်းခံရသူ နိုင်ဝင်းသည် ကျေးရွာနေပြည်သူများအပေါ် မောက်မာရိုင်းစိုင်းလွန်းပြီး ပျူစောထီးအဖွဲ့ ဖွဲ့စည်းရန် ကြံစည်နေသူဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က ရှင်းလင်းသည်ကို မသိရှိသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်လင်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်စဉ် ပစ်ခတ်သူများကို ဝင်ရောက်နပန်းလုံးသည့် ဘုန်းကြီးပါ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အုပ်ကြီးနိုင်ဝင်းက သူ့နေအိမ်မှာမအိပ်ရဲဲဘဲ တိမ်းရှောင်အိပ်နေရတာကြာပြီ။ သေနတ်သမားတွေက ဘုန်းကြီး ကျောင်းမှာ ရှိနေတာသိလို့ အခုမနက်၃ နာရီလောက်မှာဘုန်းကြီးကျောင်းသွားရှာရာမှာ တွေ့သွားတယ်။

စစ် ဆေး မေးမြန်းစဥ် အုပ်ကြီးမှန်း သေချာမှ ပစ်ခတ်ရှင်းလင်းတာ။ အဲဒါကို ဘုန်းကြီးက သေနတ် သမားတွေကို ဝင်လုံးတယ်။ အဲဒီမှာ ဘုန်းကြီးလည်းသေတယ်။ အုပ်ကြီးလည်း သေတယ်” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

အောင်လံမှာ ကျောင်းထိုင်ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၃ ရက် ဒီမနက် ၂ နာရီကျော်မှာ လက်နက်ကိုင်ထားသူ လူ ၅ ဦးခန့်က အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင် အသက် ၄၀ ကျော်ကို နေအိမ်ထဲမှာ ဝင်ရောက်ပစ်ခတ်ရာ ထွက်ပြေးချိန်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အဲဒီနောက်မှာ လက်နက်ကိုင်အဖွဲ့က ကျေးရွာဘုန်းကြီးကျောင်းကိုသွားပြီး သက်တော် ၅၀ အရွယ်ရှိ ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အုပ်ကြီးအိမ်ကိုဝင်ချိန် အုပ်ကြီးက သူ့ကိုလာသတ်မှန်းသိတော့ ဓားနဲ့ဆီးခုတ်ပြီးပြေးတာ။ သေနတ်သံ လေးငါးချက်လောက်ကြားရပြီးနောက် အုပ်ကြီးသေတယ်။ အုပ်ကြီးကိုပစ်သတ်ပြီးနောက် အုပ်ကြီးအိမ်နဲ့ ၂ ဖာလုံလောက်ဝေးတဲ့ ဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းထိုင်ဆီက ဖုန်းစစ်မယ်ဆိုပြီးတောင်းတာ ဘုန်းကြီးကမပေးလို့ ပစ်ခတ်ခဲ့တာ”လို့ ဒီဖြစ်ရပ်ကိုသိရှိထားတဲ့ ဒေသခံတဦးရဲ့ ပြောစကားကို ကိုးကားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင်မှာ ဘယ်မျက်လုံးထွက်၊ ဦးခေါင်းပွင့်ထွက်၊ ရင်ဘတ်ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးသွားပြီး ကျောင်းထိုင်ဆရာတော်မှာလည်း နဖူးနဲ့ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို တော်လှန်ရေးအဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီး ဒီမနက် ၇ နာကျော်မှာတော့ စစ်ကောင်စီဘက်က အင်အား ၆၀ လောက်က ကား ၄ စီးနဲ့ရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်ကာ အလောင်းတွေကိုယူသွားပြီး အောင်လံဘက်ကို ပြန်သွားကာ အင်အား ၂၀ ခန့်ကိုတော့ ရွာထဲမှာ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင်ဟာ ပျူခေါင်းဆောင်ဖြစ်တယ်၊ လက်နက်ရှိတယ်လို့ တိုင်ကြားသူတွေရှိတာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က ဝင်ရောက် ရှင်းလင်းချိန်ထွက်ပြေးလို့ လွတ်မြောက်ခဲ့သေးတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒါးစမ်းကျေးရွာဟာ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံး လာရောက်နေတဲ့ နေရာဖြစ်တာကြောင့် အုပ်ချုပ်ရေးမှူးနဲ့ကျောင်းထိုင်ဆရာတော်တို့မှာ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင်နေထိုင်နေရတဲ့သဘောရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်း ဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ ကင်မွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *