တာမခန်စစ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်သား ၁၆ ဦးကို KIA က လိုက်လံတိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်စစ်ကောင်စီတပ်စခန်းမှ ဆုတ်ခွာသည့် စစ်သား ၁၆ ဦးကို KIA က လိုက်လံတိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏ တာမခန် စစ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တာမခန်စခန်းမှ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့်အဖွဲ့သည် ကသိုင်းတောင်သို့ ဆုတ်ခွာသွားခဲ့ပြီး မတ်လ ၁၀ ရက်နေ့ KIA ၏ တိုက်ခိုက်မှုကြောင့် ကသိုင်းတောင်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖားကန့်မြို့နယ်၊ တာမခန်စခန်းနှင့် ကသိုင်းတောင်စခန်းမှ စစ်ကောင်စီတပ်များသည် မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီတွင် ကား ၅ စီးဖြင့် ဆိုင်းတောင်ဘက်သို့ ထပ်မံဆုတ်ခွာခဲ့ပြီး အဆိုပါ ယာဉ်တန်းကိုလည်း KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားများ ပျက်စီးခဲ့ကြောင်း၊ စစ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင်လည်း တာမခန်စခန်းမှ ထပ်မံဆုတ်ခွာလာသော စစ်သားများကို KIA နှင့် PDF တပ်များက လိုက်လံ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ၊ ဗိုလ်မှူးနှင့် စစ်သား အပါအဝင် ၂ ဦးသေဆုံးပြီး ၁၄ ဦးအရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“အခုထပ်မိတဲ့ အဖွဲ့က တာမခန်က အဖွဲ့တွေပဲ။ သူတို့မိတာက မှော်ရှန်ကျေးရွာ ဆု တောင်း တောင်မှာ ပုန်းနေတုန်းမိတာ။ ဝင်တိုက်တာ ဗိုလ်မှူး ၁ ဦး နဲ့ စစ်သား ၁ ဦးသေတယ်။ ကျန် ၁၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့ မိတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *